နယူးဒေလီ (မဇ္စျိမ) ။ ။ ရေနံဖြင့် ချမ်းသာနေသည့် အာရပ်စော်ဘွားများ ပြည်ထောင်စု - UAE နိုင်ငံ မြို့တော်ဒူဘိုင်းရှိ ကြယ်ငါးပွင့်ဟိုတယ်တွင် သန့်ရှင်းရေးအလုပ်ကို လုပ်အားခ နည်းပါးစွာဖြင့် လုပ်ကိုင်နေရသည့် ကိုနောင်ဝင်း (နာမည်ပြောင်း) သည် မြန်မာပြည် ပြန်ချင်သော်လည်း မိသားစု စီးပွားရေး နောက်ခံမရှိသဖြင့် အောင့်အီးကာ ဆက်လက် လုပ်ကိုင်ရဦးမည်ဟု ရင်ဖွင့်လေသည်။
“တလ ဒါဟန် (Dirhams) ၉၇၁ (ကျပ် ၁ သိန်း ၈ သောင်းကျော်) ရတယ်။ အားလုံးကို အိမ်ပို့တယ်။ တခါတလေ ဧည့်သည်ပေးတဲ့ tips လေးနဲ့ လိုအပ်တဲ့ အဝတ်အစား၊ စျေးပေါတဲ့ ဟာလေးတွေ ဝယ်ဝတ်တယ်” ဟု သားသမီး ၃ ဦး၏ ဖခင်ဖြစ်သူ ၃၅ နှစ်အရွယ် ကိုနောင်ဝင်းက ရယ်မောရင်း ပြောဆိုသည်။
ပွဲဦးထွက် ပြည်ပအတွေ့အကြံုအဖြစ် ဒူဘိုင်းမြို့သို့ ရောက်ရှိနေသည့် သူက Grosvenor House ဟိုတယ်တွင် သန့်ရှင်းရေးအလုပ်ကို တနေ့လျှင် ၉ နာရီခွဲကြာ လုပ်ကိုင်နေရသော်လည်း အခက်အခဲမရှိကြောင်း စိတ်အားထက်သန်စွာ ပြောသည်။ “ကျနော့်သူဋ္ဌေးကလည်း ကျနော့်ကို သဘောကျတယ်။ အလုပ်တိုင်းကို ကျနော် လုပ်နိုင်တယ်။ ဘာမှ အခက်အခဲ မရှိဘူး” ။
Grosvenor House ဟိုတယ်နှင့် ၎င်းနှင့်ဆက်စပ်နေသည့် Le Meridien ဟိုတယ်တို့တွင် မြန်မာလုပ်သား ဦးရေ ၄၀ ထက်မနည်း ရှိနေပြီး၊ အများစုမှာ အောက်ခြေသိမ်း အလုပ်များဖြစ်သည့် သန့်ရှင်းရေး၊ ဧည့်ကြို၊ မီးဖိုချောင် အကူလုပ်သား စသည့် အလုပ်အကိုင်များ လုပ်ကိုင်နေကြသည်။
မြန်မာများ အပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံသားများကို ဟိုတယ်က နေထိုင်ရန် အခန်းများ ပေးထားသည့်အပြင် စားသောက်ရေးအတွက်မူ မပူပင်ရကြောင်း သူက ဆိုသည်။
သို့သော် မြန်မာနိုင်ငံတွင် ဟိုတယ်အတွေ့အကြံု ရင့်ကျက်သူဖြစ်ပြီး၊ လက်ရှိ မြို့တော်ဒူဘိုင်းရှိ Jumeriah Essex House ဟိုတယ်တွင် လာရောက်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး ဂျာ အတွက်မူ အစားအသောက်အတွက် အခက်ပွေနေရသည်။
“ဟိုတယ်က ကျွေးတဲ့အစားအစာကို မစားနိုင်ဘူး။ အမွှေးအကြိုင်တွေနဲ့ဆိုတော့ အစားအသောက် ခက်တယ်။ ကျန်တာ အားလုံးအဆင်ပြေတယ်” ဟု နှစ်စဉ်နှစ်တိုင်း မြန်မာပြည်ရှိ မိသားစုများထံ အလည်အပတ် ပြန်သွားလေ့ရှိသည့် သူက ပြောဆိုသည်။
အစ္စလာမ်နိုင်ငံအဖြစ် ကြေညာထားသည့် UAE နိုင်ငံမှ ဒူဘိုင်းပြည်နယ်ထဲတွင် ခရစ်ယာန်၊ ဟိန္ဒူ၊ ဆစ်ခ်နှင့် ဗုဒ္ဓဘာသာဝင်များလည်း နေထိုင်လျက်ရှိရာ သတ်မှတ်ထားသည့် ပွဲတော်နေ့ရက်များမှလွဲ၍ ဝတ်စားဆင်ယဉ်မှု ကန့်သတ်ထားခြင်း မရှိကြောင်း ဂျာက ပြောသည်။
“ဒီမှာက ဟိုတယ် ယူနီဖောင်း ဝတ်ရတယ်။ အပြင်ထွက်လည်း လွတ်လွတ်လပ်လပ်ပါပဲ။ ဒေသခံ အမျိုးသမီးတွေတောင် မျက်နှာဖုံးတာမျိုး မရှိဘူး။ ခေါင်းမြီးခြံုတာက လွဲလို့ပေါ့။ နေ့ထူးနေ့မြတ်နေ့ဆိုရင် ဟိုတယ်က နိုင်ငံခြားသား (အမျိုးသမီး) တွေကို တချောင်းကြိုးဝတ်တာတို့၊ စကပ်တအားတိုတာမျိုး မဝတ်ဖို့ ပြောရပါတယ်” ဟု သူက ဆိုသည်။
ဒူဘိုင်းမြို့တွင် ရောက်ရှိနေသည်မှာ ရ နှစ်ကျော်ပြီဖြစ်သည့် ဂျာသည် အခြားကုမ္ပဏီများတွင် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၃၀၀ ခန့်နှင့်အတူ ကုမ္ပဏီက ပေးထားသည့် Oasis Village တိုက်ခန်းဆောင်တွင် အတူတကွ နေထိုင်ရသည်။
“တယောက် တနေရာစီ အလုပ်လုပ်ကြတာ။ အများအားဖြင့်တော့ ဟိုတယ်၊ Mall တွေမှာ အရောင်းစာရေးတွေ လုပ်ကြတယ်။ ဆောက်လုပ်ရေးမှာ တချို့ လုပ်ကြတယ်” ဟု သူက ပြောသည်။
ရေနံဖြင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံအဖြစ် UAE ကို လူသိများသော်လည်း မြို့တော်ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး မျှော်စင်ကြီး ဆောက်လုပ်မှု အပါအဝင် အိမ်မြေဆောက်လုပ်ရေး လုပ်ငန်းများ ကြီးထွားလာမှုကြောင့် နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံခန့် ကြွေးမြီပြဿနာဖြင့် လတ်တလော ရင်ဆိုင်နေရသည်။
အကျိုးဆက်အဖြစ် ဒူဘိုင်းရှိ ဖိလစ်ပိုင် အလုပ်သမား ၂ သိန်း ၅ သောင်းကျော်မှာ အလုပ်အကိုင် ဆုံးရှုံးမှုနှင့် ကြံုတွေ့ဖွယ်ရှိသဖြင့် အလုပ်အကိုင်အသစ်များ စီစဉ်ထားရန် လိုအပ်ကြောင်း ယမန်နေ့က ဖိလစ်ပိုင်မြို့တော် မနီလာမြို့ထုတ် Asia News သတင်းစာထဲတွင် ရေးသားထားသည်။
မြန်မာလုပ်သားများလည်း အလုပ်အကိုင်အတွက် စိုးရိမ်ပူပန်သော်လည်း ယနေ့ထိ အလုပ်ထုတ်ခံရသူ မရှိသေးကြောင်း မြန်မာများက ပြောဆိုကြသည်။
မြန်မာပြည်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ အများစုကမူ ကာတာနှင့် ဒူဘိုင်းတွင် လုပ်ခလစာ နည်းပါးခြင်းနှင့် စီးပွားရေး ကျဆင်းလာခြင်းကြောင့် အလုပ်သမား ပို့ဆောင်သည့် လုပ်ငန်းများ ရပ်နားထားပြီး၊ စင်္ကာပူနှင့် မလေးရှားကိုသာ အပို့များနေသည်။
“အရင်ကတော့ ခေတ်စားတယ်။ မလုပ်တာ ၃ နှစ်ကျော်ရှိပြီ။ အရင်က တနှစ်ကို ၃၀ ကျော် ပို့တယ်။ ရတဲ့ လခတွေက နည်းတာနဲ့၊ အရင်ကလို ဟိုဘက်ကလည်း Demand (တောင်းဆိုမှု) မရတော့ဘူး” ဟု ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်ရှိ Royal Pole Star ကုမ္ပဏီမှ မန်နေဂျာက မဇ္စျိမကို ပြောသည်။
အလားတူပင် ထိုမြို့နယ်အတွင်း တည်ရှိသည့် Virtue International Limited မှ တာဝန်ရှိသူ တဦးကလည်း “ဒီလထဲမှာပဲ ဒူဘိုင်းကနေ ၁၀၀ ပြန်လွှတ်မယ်လို့ ဟိုဘက်က အေးဂျင့်က အကြောင်းကြားထားတယ်” ဟု ပြောသည်။
သို့သော် ယခုလ ပထမအပတ်အတွင်း မြန်မာလုပ်သား ၂၀၀ ကျော်ကို ဒူဘိုင်းမြို့မှ အေးဂျင့်များက လာရောက်၍ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာ ရွေးချယ်သွားမည်ဟု ကျောက်တံတားမြို့နယ်ရှိ Danar ကုမ္ပဏီီက ဆိုသည်။
“လျှောက်ထားတာက အများကြီးပဲ။ အမျိုးသား ၁၅၀ နဲ့ အမျိုးသမီး ၁၀၀ဘဲ ခေါ်မယ်။ လာမယ့်နှစ် မတ်လမှာလည်း နောက်ထပ်တသုတ် အင်တာဗျူး လာလုပ်ဦးမယ်။ အဓိက အင်္ဂလိပ်စကားတတ်ဖို့ လိုမယ်၊ ဉာဏ်စမ်းလေးတွေ ဖြေခိုင်းတာမျိုး ရှိမယ်” ဟု ထိုကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။
ရွေးချယ်ခံရသည့် အလုပ်သမားများက ဝန်ဆောင်ခအဖြစ် ကုမ္ပဏီသို့ အမေရိကန်ဒေါ်လာ ၁၂၀၀ စီ ပေးဆောင်ရမည်ဖြစ်ကာ ထိုထဲတွင် ဒူဘိုင်းအေးဂျင့်သို့ ပေးရမည့် ငွေကြေးနှင့် လေယာဉ်စရိတ်လည်း ပါဝင်ပြီးဖြစ်မည်ဟု သူက ဆိုသည်။
လွန်ခဲ့သည့် ၄ နှစ်ခန့်က ဒူဘိုင်းသို့ အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများကို သက်ဆိုင်ရာ ဒူဘိုင်း ကုမ္ပဏီများက လေယာဉ်စရိတ်များကို ကြိုတင်စိုက်ထုတ်ပေးခဲ့ပြီး၊ မြန်မာကုမ္ပဏီများက တဦးလျှင် ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၄၀၀ သာ တောင်းဆိုခဲ့သည်။
ဒူဘိုင်းရှိ မြန်မာလုပ်သားများကို သက်ဆိုင်ရာ ကုမ္ပဏီများက ၂ နှစ် တကြိမ်နှုန်းဖြင့် မြန်မာပြည်သို့ သွားရောက်လည်ပတ်ခွင့် ပြုသည့်အပြင် အလုပ်လုပ်ခွင့်ပါမစ် (WP) ကို ၃ နှစ် တကြိမ် သက်တမ်းတိုးပေးလေ့ရှိသည်။
“၂ နှစ် တကြိမ် သွားရင်တော့ သူတို့ စိုက်ပေးတယ်။ တနှစ်အတွင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားချင်ရင် ကုန်ကျစရိတ် သူတို့မပေးဘူး။ နာဂစ်တုန်းက မိသားစုနဲ့ အဆက်အသွယ်မရတော့ ကျနော့်ကို ပြန်ခွင့်ပေးတယ်။ လေယာဉ်စရိတ်လည်း ထုတ်ပေးတယ်” ဟု ကိုနောင်ဝင်းက ဆိုသည်။
“ကိုယ့်ဆန္ဒဆိုရင် ဒီမှာ မနေချင်ပါဘူး။ မိသားစုဝင်တွေနဲ့ ပြန်တွေ့ဖို့ နှစ်တိုင်း အိမ်ပြန်ချင်ပါတယ်” ဟု သူ့ဆန္ဒကို ပြောပြသည်။
ရရှိသည့် လုပ်အားခ နည်းသော်လည်း မြန်မာပြည်တွင် ကျန်ရစ်နေသည့် မိသားစုဝင်များ၏ စားဝတ်နေရေးနှင့် လက်ရှိ မြန်မာပြည်၏ တရိပ်ရိပ်တက်နေဆဲ ကုန်စျေးနှုန်းကို အမီလိုက်နိုင်ရန် ကိုနောင်ဝင်း အပါအဝင် ဘဝတူ မြန်မာအလုပ်သမားများ ဒူဘိုင်းတွင် ဆက်လက်၍ ရုန်းကန်နေရဦးမည်သာ ဖြစ်သည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)