ရဲတိုင်းမှူးသစ်လက်ထက် ရန်ကုန်မြို့လုံခြံုရေး ပိုမိုတင်းကျပ်လာ

ရဲတိုင်းမှူးသစ်လက်ထက် ရန်ကုန်မြို့လုံခြံုရေး ပိုမိုတင်းကျပ်လာ
by -
မျိုးသိဏ်း
ရန်ကုန် ရဲတိုင်းမှူးအသစ် ရဲမှူးကြီးအောင်နိုင်သူ လက်ထက်တွင် လုံခြံုရေးများ ယခင်ကထက် ပိုမို တင်းကျပ်လာကြောင်း ဒေသလုံခြံုရေးအတွက် ပူးတွဲ တာဝန်ယူရသည့် မြို့နယ်နှင့် ရပ်ကွက် အာဏာပိုင်အဖွဲ့များ ...

ရန်ကုန် (မဇ္စျိမ)။     ။ ရန်ကုန် ရဲတိုင်းမှူးအသစ် ရဲမှူးကြီးအောင်နိုင်သူ လက်ထက်တွင် လုံခြံုရေးများ ယခင်ကထက် ပိုမိုတင်းကျပ်လာကြောင်း ဒေသလုံခြံုရေးအတွက် ပူးတွဲတာဝန်ယူရသည့် မြို့နယ်နှင့် ရပ်ကွက် အာဏာပိုင်အဖွဲ့များ အဆိုအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းတွင် တိုင်းရဲမှူးကြီးရာထူးမှ ထုတ်ပယ်ခြင်းခံရသော ရဲမှူးကြီးဝင်းနိုင်၏ နေရာတွင် အစားထိုးဝင်ရောက်လာသည့် ရဲတိုင်းမှူးအသစ်၏ ညွှန်ကြားချက်အရ မြို့နယ်အလိုက် ညပိုင်းဧည့်စာရင်း စစ်ခြင်းနှင့် လမ်းဆုံလမ်းခွများတွင် ယာဉ်များ ရပ်တန့်စစ်ဆေးခြင်းများ ပိုမိုပြုလုပ်လာရကြောင်း အဆိုပါ အာဏာပိုင် အဖွဲ့အစည်းများက ဆိုသည်။

“စစ်တာက ယာဉ်စစ်နဲ့ ဧည့်စစ် နှစ်မျိုးပဲ ရှိပါတယ်။ အဲဒါကို ပုံမှန်စစ်နဲ့ အထူးစစ်ဆိုပြီး နှစ်မျိုးထပ်ခွဲထားတယ်။ ယာဉ်စစ်မှာ ပိတ်ဆို့၊ ဝိုင်းကြီးပတ်ဆိုပြီး စစ်ဆေးပုံတွေ ခွဲထားတာ ရှိသေးတယ်” ဟု လသာမြို့နယ်မှ ရယက အဖွဲ့ဝင်တဦးက ပြောသည်။

အထူးစစ်ဟူသော စစ်ဆေးမှုတွင် မြို့နယ်အသီးသီးရှိ လုံခြံုရေး အဖွဲ့အစည်းများနှင့် မပတ်သက်သည့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများကိုပါ ဖိအားပေးပါဝင်စေကြောင်း သိရသည်။

“ဒီရဲတိုင်းမှူးလက်ထက်မှာ လုံခြံုရေးကို အရမ်းဂရုစိုက်သွားတယ်။ အထူးစစ်ဆိုရင် ရယက (ရပ်ကွက်ကောင်စီ)၊ မယက (မြို့နယ်ကောင်စီ)၊ ရဲနဲ့ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြံုရေး) တွေ တင်မကဘူး ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး ဌာနတွေအကုန်လုံးက ပါလာရတယ်။ ဌာနတွေက စာရေးပဲဖြစ်ဖြစ်၊ ညဂျူတီကျတဲ့သူပဲဖြစ်ဖြစ် တယောက်တော့ မဖြစ်မနေပါရတယ်။ အီးပီစီ (လျှပ်စစ်ရုံး) ကလည်း လိုက်ရတယ်။ မလိုက်ရင် နောက်နေ့ ထုချေလွှာတင်ရတယ်ဗျ” ဟု အဆိုပါ ရယက အဖွဲ့ဝင်က မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ဆေးရေးအတွက် ဝန်ထမ်း ၂ ဦး ထည့်ပေးလိုက်ရကြောင်း ပြောကြားပြီး၊ လှိုင်မြို့နယ် လျှပ်စစ်ရုံးကလည်း မယကမှ စစ်ဆေးရေးအတွက် ဝန်ထမ်းများ လာခေါ်မည်ဟု ပြီးခဲ့သည့် လအတွင်းက အကြောင်းကြားခဲ့သည်ဟု ကမာရွတ်မြို့နယ် လျှပ်စစ်ရုံးမှ တာဝန်ရှိသူတဦးက ဆိုသည်။

အင်းစိန်ဆေးရုံကြီးမှ အောက်ခြေဝန်ထမ်းများကို ရယက တာဝန်ရှိသူများက စစ်ဆေးရေးတာဝန်အတွက် စက်တင်ဘာလမှစတင်ကာ လာရောက်ခေါ်ဆောင်နေကြောင်း ဆေးရုံဝန်ထမ်းများက ပြောသည်။

ပုံမှန်ဧည့်စစ်ဖြင့် ဧည့်စာရင်းစစ်ဆေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်များမှ ရယကများက မိမိတို့ ရပ်ကွက်အတွင်း အနည်းငယ်သာ စစ်ဆေးကြသဖြင့် စိတ်အနှောင့်အယှက် မဖြစ်ရသော်လည်း အထူးစစ် စစ်ဆေးရာတွင် ဧည့်စာရင်းတိုင်ကြားထားခြင်း မရှိပါက ထောင်ဒဏ် ၁၄ ရက်အထိ ချမှတ်ကြောင်း သိရသည်။

“နယ်က တူနှစ်ယောက်လာတာ ဧည့်စာရင်း မတိုင်မိဘူး။ လာစစ်တဲ့ လူတွေလည်း တော်တော်များတယ်။ ရပ်ကွက်က လူတွေ ပြောပေးတာလည်း မရဘူး။ မြို့နယ်ရုံးကို ညကြီးမင်းကြီး လိုက်သွားရတယ်။ ကျနော်နဲ့အတူတူ နောက်ထပ် ၃ ယောက် ပါတယ်။ နောက်ဆုံး တပ်က မိတ်ဆွေ ဗိုလ်မှူးကြီးတယောက် ဖုန်းနဲ့ အာမခံပေးမှ ကျနော့်ကို ပြန်လွှတ်လိုက်တယ်။ နောက်ထပ် နှစ်ယောက်လည်း ပြန်လွတ်လာတယ်။ တယောက်ကိုတော့ ထောင် ၁၄ ရက် ချလိုက်တယ်လို့ သိရပါတယ်” ဟု အောက်တိုဘာ လကုန်ပိုင်းက အထူးစစ် ဧည့်စာရင်းစစ်ခံခဲ့ရသည့် ရန်ကုန်မြို့လယ်တွင် နေထိုင်သူတဦးက မဇ္စျိမကို ပြောဆိုသည်။

ယခင်က အထင်ကရ လမ်းမကြီးများ၌ ယာဉ်များကို ရပ်တန့်ရှာဖွေ စစ်ဆေးခြင်းမျိုး မရှိသော်လည်း ယခုအခါ အင်းစိန်လမ်းမ၊ ပြည်လမ်းမ၊ အထက် ကြည့်မြင့်တိုင်လမ်း စသော နေရာများတွင်ပါ ယာဉ်များ ရှာဖွေစစ်ဆေးမှု ပြုလုပ်လာပြီး စစ်ဆေးသည့် အဖွဲ့တဖွဲ့တွင် အဖွဲ့ဝင် ၂ဝ မှ ၃ဝ ဦးအကြား ပါရှိသည်။

အချိန်မတော် မကြာခဏ ဧည့်စာရင်းစစ်မှုကြောင့် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်ကြရသကဲ့သို့ မြို့နယ်အသီးသီးရှိ ယာဉ်သွားလမ်းများတွင် စရဖ ၊ မီးသတ်နှင့် ရပ်ကွက် တာဝန်ရှိသူများ ပါဝင်သော အုပ်စုများက ယာဉ်များ ရပ်တန့်ရှာဖွေကြြုခင်းကြောင့် ညပိုင်းသွားလာသည့် ယာဉ်များ အနှောင့်အယှက် ဖြစ်နေကြသည်။

“ဓာတ်မီးတဝင်းဝင်းနဲ့ ကားတစီးလုံး ထိုးရှာလိုက်၊ နောက်ဖုံး ဖွင့်ပြရလိုက်နဲ့ တခါအစစ်ခံရရင် ၁ဝ မိနစ်လောက် ကြာတယ်။ ခရီးသည်တွေပါရင် အရမ်းအားနာဖို့ ကောင်းတယ်” ဟု ညပိုင်း အငှားယာဉ်မောင်းနှင်သူ တဦးက ဆိုသည်။

“ပုံမှန်စစ်က စတိသဘော ကားနံပါတ်မှတ်၊ နာမည်မေးရုံပါပဲ။ အထူးစစ်ဆိုရင်တော့ အပိတ်အဆို့ လမ်းဘေးတွေဘာတွေချပြီး၊ လိုင်စင်ယူကြည့်တာ၊ ကားကူရှင်အောက်တွေရှာတာ၊ ကားနောက်ဖုံး ဖွင့်ကြည့်ရတာမျိုးတွေ လုပ်ရပါတယ်။ ဖောက်ခွဲရေးသမားနဲ့ ပတ်သက်တာမျိုးတော့ မကြံုဖူးပါဘူး။ ဒါပေမဲ့ ကားခိုးမှုတော့ မိဖူးတာရှိတယ်” ဟု လသာမြို့နယ်မှ ဒုရဲအုပ်တဦးက ပြောသည်။

ပုံမှန်အားဖြင့် ညပိုင်းတိုင် မဖြစ်မနေ သွားလာရသည့် ယာဉ်များက ပုံမှန်စစ်ဆေးလေ့ရှိသော နေရာများကို ရှောင်ကွင်း၍ သွားလာလေ့ရှိကြောင်း သိရသည်။

“သူတို့စစ်တာက ဒီနေရာဆို ဒီနေရာပဲလေ။ ဥပမာ အင်းစိန်လမ်းမှာဆိုရင် ဆင်ရေတွင်းနားမှာ တဖွဲ့စစ်တယ်။ ပြည်လမ်းမှာဆို မြေနီကုန်း၊ စိန်ဂျွန်းနဲ့ ဘုန်းကြီးလမ်းထိပ်တွေမှာ သူတို့အဖွဲ့တွေ ရှိတယ်။ စကားလည်း မပြောချင်၊ အချိန်လည်း မဖင့်ချင်တော့ ရှိတတ်တဲ့ နေရာတွေကို ရှောင်ပြီး တခြားလမ်းက ပတ်ပြီးမောင်းလိုက်တယ်” ဟု တက္ကစီ အငှားယာဉ်တစီးက ဆိုသည်။

“အခါကြီးရက်ကြီးတွေဆိုရင် တရပ်ကွက်၊ တမြို့နယ်ကို ဘယ်နှစ်ယောက်ဆိုပြီး အင်အားတောင်းတာ ရှိတယ်။ လူနည်းရင်တော့ ရပ်ကွက်ရုံးက တယောက်နှစ်ယောက် လိုက်သွားတယ်။ တခါတလေ လူများရင်တော့ အနှိပ်ခန်းတို့၊ လ္ဘက်ရည်ဆိုင်တို့က လူတွေကို ထည့်ပေးလိုက်ရတယ်။ သူတို့အတွက် စားဖို့သောက်ဖို့နဲ့ လ္ဘက်ရည်ဖိုးကတော့ ရပ်ကွက်က ပေးရပါတယ်” ဟု ရယက အဖွဲ့ဝင်တဦးက ဆိုသည်။

တစီးလျှင် လက်နက်ကိုင်စစ်သား အယောက် ၃ဝ ဝန်းကျင်ခန့်ပါသော စစ်ကားကြီးများကိုလည်း ၆ စီးတွဲ ရ စီးတွဲ အုပ်စုလိုက် ရန်ကုန်မြို့တွင်း ညပိုင်းများတွင် တွေ့နေရကြောင်း အငှားယာဉ်မောင်းများက ဆိုသည်။ သို့သော် စစ်ကားများမှာ ယင်းတို့ဘာသာ သီးသန့်လှည့်လှည်ခြင်း၊ အုပ်စုဖွဲ့ရပ်နားနေခြင်းမျိုးသာ ရှိကြပြီး ဒေသခံများနှင့် ထိတွေ့ခြင်း၊ စစ်ဆေးမေးမြန်းခြင်း မရှိကြောင်း သိရသည်။

“တခြားဌာနဆိုင်ရာ အဖွဲ့တွေကို ခေါ်ထားတာက ပြဿနာဖြစ်ရင် သက်သေအနေနဲ့ရော၊ ဆွဲသွင်းလို့ ရအောင်ပါ ဖြစ်နိုင်ပါတယ်။ ရဲမှူးဝင်းနိုင်တုန်းကလို အောက်ကနေ ပြဿနာပြန်တက်လာတာမျိုး ရှောင်ချင်လို့ ဖြစ်နိုင်ပါတယ်။ စစ်ကားတွေကတော့ အင်အားပြထားရုံသက်သက်ပါပဲ။ ပုံမှန် အခြေအနေမှာ မြို့လုံခြံုရေးကို ရဲကပဲ ကိုင်ပါတယ်။ တပ်နဲ့အမြဲ ထိပ်တိုက်ပေးမတွေ့တဲ့ သဘောပါပဲ” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်အယ်ဒီတာ တဦးက ရန်ကုန်မြို့လုံခြံုရေး အခြေအနေနှင့် စပ်လျဉ်း၍ သုံးသပ်ဝေဖန်သည်။

ရဲမှူးကြီးဝင်းနိုင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ရန်ကုန် အနောက်ပိုင်းခရိုင် ခရိုင်ရဲမှူး ဖြစ်သည့် ရဲမှူးကြီး အောင်နိုင်သူမှာ ရန်ကုန်တိုင်း ရဲမှူးကြီး ဖြစ်လာခဲ့သည်။

ရဲမှူးကြီးဝင်းနိုင်ကို လာဘ်စားမှုများ၊ တရားမဝင် ဇိမ်ခန်းဖွင့်လှစ်မှုများ အပါအဝင် ပြည်ထဲရေးဌာနတွင်း ပြဿနာများကြောင့် ဖမ်းဆီးထားသည်ဟူသော စွပ်စွဲပြောဆိုမှုများ ရှိနေပြီး၊ ယခုအခါ သူ့ကို အင်းစိန်ထောင်တွင်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။

(ဆလိုင်းဟံသာစန်း သတင်းအချက်အလက် ဖြည့်စွက်သည်။ ရဲရင့်အောင် တည်းဖြတ်သည်။)