နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာ့အရေး လှုပ်ရှားမှုတွင် အကြမ်းမဖက် နည်းလမ်းသည်သာ အကိုက်ညီဆုံးဖြစ်ကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။
အိန္ဒိယ၊ ဂျပန်၊ ထိုင်းနှင့် ပါလက်စတိုင်း အပါအဝင် နိုင်ငံအများအပြားမှ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်း ခေါင်းဆောင် ၁၀၀ ကျော်ဖြင့် နယူးဒေလီတွင် ၄ ရက်ကြာ ကျင်းပနေသည့် အိန္ဒိယ ငြိမ်းချမ်းရေးဖခင် မဟတ္တမဂန္ဓီ ရေးသားခဲ့သည့် Hind Swaraj (self-rule) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးစာအုပ် ဖြန့်ချီသည့် နှစ် ၁၀၀ ပြည့်နေ့ အခမ်းအနား၌ ပြောသွားခြင်း ဖြစ်သည်။
“အကြမ်းမဖက် လှုပ်ရှားမှုဟာ လူထုလည်း ပါဝင်မှုရှိတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် အသင့်တော်ဆုံး ဖြစ်တယ်။ စစ်တပ်ကလည်း ဖြိုခွင်းရခက်တဲ့ အလုပ်ဖြစ်နေတယ်။ တောတွင်း လက်နက်ကိုင်လမ်းစဉ် မလိုအပ်တော့ဘူးလို့ ကျနော်ဆိုလိုတာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
အကြမ်းမဖက် လှုပ်ရှားမှုသည် မည်ရွေ့မည်မျှ ကာလကြာမြင့်မည်ကို မပြောဆိုနိုင်သော်လည်း အဆုံးသတ်တွင် အောင်ပွဲခံရမည်ဟု သူက ဆိုသည်။
မြန်မာ့သမိုင်းတလျှောက် အကြမ်းမဖက် လှုပ်ရှားမှုဖြစ်စဉ်များကို စစ်တပ်က လက်နက်သုံး၍ ဖြိုခွင်းခဲ့သော်လည်း ယနေ့ထိတိုင် အကြမ်းမဖက် လှုပ်ရှားမှုများ ဆက်လက်တည်ရှိနေခြင်းသည် သာဓကအဖြစ် သူက ထောက်ပြသည်။
ဒေါက်တာတင့်ဆွေသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အမှတ် - ၂ တွင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည်။
စင်ပြိုင်အစိုးရ ဖွဲ့စည်းရေးအတွက် မန္တလေးမြို့တွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်ခဲ့ရာ စစ်အစိုးရက သိရှိခဲ့ပြီး လိုက်လံဖမ်းဆီးခဲ့သဖြင့် ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ ခိုလှုံခဲ့သည်။
“Burma VJ လို ရွှေဝါရောင်တော်လှန်ရေး မှတ်တမ်းရုပ်ရှင်ဟာ ၂၀၀၉ ခုနှစ် အော်စကာဆုအတွက် ပဏာမ အရွေးခံရသလို၊ ရတနာပုံမှာ စာလုံးပေါင်းမှားတဲ့ (ဆူပူမှုဖြင့် ဒီမိုကရေစီရနိုင်) ကိစ္စတွေ၊ ဒါတွေဟာ သာဓက ဖြစ်နေပါတယ်” ဟု NCGUB ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ဆိုသည်။
လက်ရှိ နအဖ စစ်တပ်သည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်တွင် အကြမ်းမဖက် လှုပ်ရှားမှုကို တင်းကျပ်သည့် စစ်အုပ်ချုပ်ရေး ဥပဒေကျင့်သုံးခြင်း၊ ထောက်လှမ်းရေးစနစ်ကို ထိရောက်ကျယ်ပြန့်စွာ ကျင့်သုံးနေခြင်းအပြင်၊ လူထုကို အခင်းအကျင်း (space) မပေးဘဲ ဆင်းရဲတွင်းရောက်အောင် ပြုလုပ်ခြင်း၊ အစဉ်အဆက် ဖြိုခွင်းမှုများဖြင့် ပြုလုပ်နေကြောင်း သူရေးသားတင်သွင်းသည့် စာတမ်းထဲတွင် ရေးသားထားသည်။
ငြိမ်းချမ်းရေးနိဘယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယက မဟတ္တမ ဂန္ဓီကြီး၏ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲကို ကြိုက်နှစ်သက်သူ ဖြစ်သည်။ သူမ၏ပါတီ အန်အယ်ဒီသည် မဲအရေအတွက် ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။
ယခုလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် Hind Swaraj နှစ် ၁၀၀ နိုင်ငံတကာ ညီလာခံကို နယူးဒေလီရှိ ဆူရကူး Surajkund ခန်းမဆောင်တွင် ပြုလုပ်နေရာ အခမ်းအနား နောက်ဆုံးရက်တွင် နိုဘယ်ငြိမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားလည်း ကြွရောက်လာမည် ဖြစ်သည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)