ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ရန် အန်အယ်ဒီ-အယ်အေ ဆုံးဖြတ်

ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ရန် အန်အယ်ဒီ-အယ်အေ ဆုံးဖြတ်
by -
ကျော်သိင်္ခ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေက ညီလာခံကို ထိုင်း-မြန်မာနယ်စပ် တနေရာ၌ မကြာ သေးမီက ကျင်းပပြီးစီးပြီး ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက်ဆုပ်ကိုင်သွား ...

မဇ္စျိမ (ချင်းမိုင်)။     ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေက ညီလာခံကို ထိုင်း-မြန်မာနယ်စပ် တနေရာ၌ မကြာ သေးမီက ကျင်းပပြီးစီးပြီး ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက်ဆုပ်ကိုင်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် ညီလာခံ၌ ၂ဝ၁ဝ ရွေးကောက်ပွဲကာလ အတွက် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပြီး မိခင်အဖွဲ့အစည်းဖြစ်သော အန်အယ်ဒီ၏ ကြေညာစာတမ်းပါ ရပ်တည်ချက်များကို ဆက်လက် ဆုတ်ကိုင်သွားမည်ဟု ဆုံးဖြတ်ကြောင်း အဖွဲ့အထွေထွေအတွင်းရေးမှူးကပြောသည်။

“ကျနော်တို့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစား မယ်။ ရွှေဂုံတိုင်ကြေငြာစာတမ်းပါ ရပ်တည်ချက်တွေနဲ့အညီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘယ်လို အခြေအနေ နဲ့ ဖြတ်သန်းမလဲ။ ဘယ်လိုပြင်ဆင်ထားသင့်တယ် ဆိုတာမျိုးကို လေးလေးနက်နက် ဆွေးနွေးကြပါတယ်” ဟု အဖွဲ့အထွေထွေအတွင်းရေးမှူး ဦးစိုးမြင့်က မဇ္စျိမကိုပြောသည်။

ရွှေဂုံတိုင်ကြေညာစာတမ်းတွင် ၂ဝဝ၈ ခု ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး၊ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး၊ တွေ့ဆုံဆွေးနွေးရေးတို့ တောင်းဆိုထားသည်။

ထို့အပြင် ၂ဝဝ၈ ခု ဖွဲ့စည်းပုံအား ပြုပြင်ခြင်းမရှိပဲ ရွေးကောက်ပွဲကျင်းပခဲ့ပါက “ဆန့်ကျင်တိုက်ဖျက်” ရန် အတွက် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သို့သော် အနောက်နိုင်ငံများက မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ထားမှုများနှင့် ပတ်သက်၍မူ ညီလာခံ၌ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။

သုံးနှစ်တကြိမ် ကျင်းပသည့် ညီလာခံမှ ဥက္ကဌအသစ်အဖြစ် လွှတ်တော် အမတ် ဦးဘိုသောင်း၊ ဒုဥက္ကဌ အဖြစ် ဒေါက်တာအေးကျော်တို့ကို ရွေးချယ်ခဲ့သည်။ အလုပ်အမှု ဆောင်အဖွဲ့ဝင်များထဲတွင် လည်း လူငယ်များဖြင့် အစားထိုးရွေးချယ်မှုများရှိကြောင်း တွေ့ရသည်။

ဦးဘိုသောင်းသည် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အန်အယ်ဒီ လွှတ်တော် အမတ်ဖြစ်ပြီး ၁၉၉၂ ခုတွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့သည်။ အန်အယ်ဒီ-လွတ်မြောက် နယ်မြေ (ဗဟို) ဒု-ဥက္ကဌ၊ မြန်မာနိုင်ငံအမျိုးသားကောင်စီတွင် အတွင်းရေးမှူးအဖွဲ့ဝင်၊ အဖွဲ့ဝင် (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့) နှင့် အဝေးရောက်ညွန့်ပေါင်းအစိုးရ၏ လုပ်ငန်းကော်မတီဝင်တဦး လည်း ဖြစ်ခဲ့ဖူးသည်။

ဒုဥက္ကဌ ဒေါက်တာအေးကျော်သည် ယခင်က အန်အယ်ဒီ-လွတ်မြောက်နယ်မြေ (သြစတေးလျဌာနခွဲ) ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့ပြီး အန်အယ်ဒီ-လွတ်မြောက်နယ်မြေ (ဗဟို) ၏ ဒုဥက္ကဌ တာဝန်ကို ယခုမှ စတင်ထမ်းဆောင်မည်ဖြစ်သည်။

ယခုနှစ် ညီလာခံသည် ဆဌမကြိမ်မြောက် ညီလာခံဖြစ်ပြီး၊ ဒေသတွင်းဆိုင်ရာလှုပ်ရှားမှုများရှိနေသဖြင့် မတက်ရောက်နိုင်သည့် ဂျပန်နှင့် မလေးရှားရှိ ဌာနခွဲများမှအပ နိုင်ငံတကာရှိ ဌာနခွဲ အားလုံးမှ ကိုယ်စား လှယ် စုစုပေါင်း ၄၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

၁၉၉ဝ ခု ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပြီးနောက် စစ်အစိုးရက အာဏာလွှဲ ပေးခြင်းမရှိပဲ အဖွဲ့ချုပ်ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ဖမ်းဆီးသဖြင့် အဖွဲ့ဝင်အချို့ နယ်စပ်ဒေသများသို့ တိမ်းရှောင်လာကာ ၁၉၉၁ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မာနယ်ပလောဌာနချုပ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (ဗဟို) ကို စတင်ဖွဲ့စည်းခဲ့ပြီး၊ ဒေါက်တာစိန်ဝင်းက ပထမဦးဆုံး ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယခုအခါ ဒေါက်တာစိန်ဝင်းသည် အဝေးရောက်ညွန့်ပေါင်းအစိုးရ၏ ဝန်ကြီးချုပ်ဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်)