ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မြန်မာ-ဘင်္ဂလား နယ်စပ်ခြံစည်းရိုးအနီး သတင်းထောက်များ သွားရောက်ခြင်းကို ဘင်္ဂလား နယ်ခြားစောင့်တပ် BDR က တားမြစ်လျှက် ရှိသည်။
ဒေသခံများမှအပ ပြင်ပလူများ ဝင်ရောက်လာပါက စစ်ဆေးရန်နှင့် သတင်းထောက်များကို နယ်စပ်ခြံစည်းရိုးဆီ သွားရောက်ခွင့် မပြုရန် ဘင်္ဂလား-မြန်မာ နယ်စပ်မြို့ ကော့စ်ဘာဇာ အခြေစိုက် အမှတ် ရ BDR တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရှာခါဝပ် (LC. Shakawep) က ယခုလ ဒုတိယပတ်မှ စတင်၍ တားမြစ်ခဲ့ခြင်း ဖြစ်သည်။
တောင်ပြို BDR စခန်းအနီး နေထိုင်သည့် ရွာသားတဦးက “သတင်းထောက်တွေလာရင် အထောက်အထားတွေ စစ်ဆေးတယ်။ စခန်းကိုပဲ သွားခွင့်ပြုတယ်။ နယ်စပ်နားကို သွားခွင့်မပြုတော့ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့်လ ၂၀ ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီး ဒီပူ မိုနီ Dipu Moni က သူမ၏ ရုံးခန်းတွင် နှစ်နိုင်ငံနယ်စပ် အခြေအနေနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် နယ်စပ်ဒေသို့ သတင်းထောက်များ ခရီးသွားလာမှုကို စောင့်ကြပ် စစ်ဆေးလာခဲ့သည်။
“တချို့ သတင်းမီဒီယာတွေဟာ အိမ်နီးချင်း နှစ်နိုင်ငံအကြား နားလည်မှု လွဲမှားနိုင်စေတဲ့ သတင်းမျိုးတွေကို ဖန်တီးကောင်း ဖန်တီးနေတဲ့ အစိတ်အပိုင်း ဖြစ်တယ်” ဟု မစ္စစ် ဒီပူမိုနီက စွပ်စွဲပြောဆိုပုံကို ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Thedailystar သတင်းစာတွင် ကိုးကား ဖော်ပြခဲ့သေးသည်။
ယခင်က ခြံစည်းရိုးကာသည့် နေရာသို့ သွားရောက်ရာတွင် BDR တပ်ဖွဲ့ဝင်များက လိုက်လံပြသပေးသော်လည်း ပြီးခဲ့သည့်လတွင် နှစ်နိုင်ငံ စစ်ရေးတင်းမာမှု ဖြစ်ပေါ်လာပြီးနောက် ယခုလို အဟန့်အတားများ ပေါ်ထွက်လာခြင်း ဖြစ်သည်။
နှစ်နိုင်ငံနယ်စပ်သည် ကီလိုမီတာ ၂၀၀ ခန့် ထိစပ်နေပြီး၊ ကီလိုမီတာ ၁၀၀ ခန့် ရှည်လျားသည့် တက္ကနာဒေသမှ နတ်ကျောက်စရီအတွင်း တက္ကနာအခြေစိုက် အမှတ် ၄၂ BDR ၊ ကော့စ်ဘာဇာ အခြေစိုက် အမှတ် ရ BDR နှင့် နတ်ကျောက်စရီ အခြေစိုက် အမှတ် ၁၅ BDR တပ်များက လုံခြံုရေး ယူထားကြသည်။
မြန်မာအာဏာပိုင်များက မောင်တောမြို့နယ်အတွင်းရှိ ကီလိုမီတာ ၈၀ ခန့် ကွာဝေးသည့် အလယ်သံကျော်မှ ဘောသလာ ကျေးရွာအထိ နယ်စပ်ခြံစည်းရိုး ကာရံသွားရန်အတွက် ယခုနှစ် မတ်လနှောင်းပိုင်းမှ စတင်ခဲ့ရာ ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။