ဂရမ်မီ ဆုပေးပွဲသို့ မြန်မာအဆိုတော် ၃ ဦး တက်ရောက်မည်

ဂရမ်မီ ဆုပေးပွဲသို့ မြန်မာအဆိုတော် ၃ ဦး တက်ရောက်မည်
၅၂ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို အမေရိကန်နိုင်ငံ လော့စ်အင်ဂျယ်လိမြို့၌ လာမည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မြန်မာအဆိုတော် ၃ ဦး တက်ရောက် ...

နယူဒေလီ ။      ။ ၅၂ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို အမေရိကန်နိုင်ငံ လော့စ်အင်ဂျယ်လိမြို့၌ လာမည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မြန်မာအဆိုတော် ၃ ဦး တက်ရောက်မှာ ဖြစ်သည်။

အဆိုတော် ဆုန်သင်းပါရ်၊ ကဗျာဘွဲ့မှူးနှင့် ထူးအယ်လင်းတို့ အဆိုပါ ဂရမ်မီ ဆုပေးပွဲသို့ တက်ရောက်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။

''ကျမ အမျိုးသားနဲ့ အမ (ကဗျာဘွဲ့မှူး) တို့၊ ဆုန်သင်းပါရ်နဲ့အတူ ဂရမ်မီဆုပေးပွဲကို သွားတက်ကြလိမ့်မယ်'' ဟု ထူးအယ်လင်း၏ ဇနီးဖြစ်သူ အဆိုတော် မီးမီးခဲက မဇ္စျိမကို ပြောဆိုသည်။

ဆုပေးပွဲ တက်ရောက်ရန်အတွက် အစိုးမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည့် "I Love Myanmar" က တာဝန်ယူ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ် The Voice တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး အတွင်းရေးမှူး မောင်သစ်မင်းက ''မြန်မာအဆိုတော် ၃ ယောက် အခုလို သွားခွင့်ရတဲ့အတွက် နိုင်ငံတကာ အတွေ့အကြံုတွေလည်း ရလာမှာဖြစ်သလို မြန်မာ့တေးဂီတ လုပ်ငန်းအတွက် စဉ်းစားတွေးခေါ်ပုံအသစ်တွေ ရရှိလာမှာ ဖြစ်တဲ့အတွက်  ကြိုဆိုတယ်'' ဟု ပြောဆိုသည်။

မြန်မာ့တေးဂီတလုပ်ငန်းတွင် နိုင်ငံတကာအဆင့်ထိ ဖြန့်ချိနိုင်သူ မရှိသဖြင့် နိုင်ငံတကာ ပရိသတ်၏ အသိအမှတ်ပြု မခံရကြောင်းနှင့် ထို့အပြင် အနုပညာသမားများက ၎င်းတို့၏ တေးသီချင်းများကို မြန်မာဘာသာဖြင့်သာ ထုတ်လုပ်နေသဖြင့် ဘာသာစကားလည်း အခက်အခဲတခုဖြစ်ကြောင်း သူက ထောက်ပြပြောဆိုသည်။

''မြန်မာသီချင်းတွေကို ဂရမ်မီဆုအတွက် ရွေးချယ်ခံရဖို့ကတော့ အိမ်မက်အဆင့်မှာပဲ ရှိပါသေးတယ်'' ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ အတွင်းရေးမှူးက ဆိုသည်။

ယခု အဆိုတော် ၃ ဦးသည် လော့စ်အင်ဂျယ်လိမြို့လယ်ရှိ စတေပယ် စင်တာတွင် ကျင်းပမည့် ဂရမ်မီဆုပေးပွဲ အခမ်းအနားသို့ ပထမဆုံး တက်ရောက်ခွင့်ရမည့် မြန်မာအဆိုတော်များ ဖြစ်နိင်ကြောင်း သူက ပြောသည်။

ဂရမ်မီဆုများသည် အသံသွင်းလုပ်ငန်းတွင် ထူးခြားစွာ အောင်မြင်မှုရှိသည့် ပုဂ္ဂိုလ်များအတွက် အမေရိကန် ပြည်ထောင်စု သိပ္ပံနှင့် ဝိဇ္ဇာဆိုင်ရာ အသံသွင်းလုပ်ငန်း အမျိုးသား အကယ်ဒမီ အဖွဲ့ကြီးက နှစ်စဉ် ချီးမြှင့်သော ဆုများဖြစ်သည်။

ထိုဆုပေးပွဲ အခမ်းအနား၌ နာမည်ကျော် အနုပညာရှင်များမှ တင်ဆက်ဖျော်ဖြေမှုများ ပြသမည်ဖြစ်ပြီး နာမည်ကျော် ဆုများ ပေးအပ်နေသည်ကို ရုပ်မြင်သံကြားမှတဆင့် ကမ္ဘာတလွှား ထုတ်လွှင့်ပြသသွားမည်ဟု ဖြစ်သည်။

ဂရမ်မီဆုမှာ အသံသွင်းလုပ်ငန်အတွက် အမေရိကန် ပြည်ထောင်ဆု၏ အဆင့်အမြင့်ဆုံးဆုဖြစ်ပြီး ရုပ်ရှင် လုပ်ငန်းအတွက် ပေးအပ်သော အော်စကာ အကယ်ဒမီဆုနှင့် တန်းတူဖြစ်သည်။ ထိုသို့ ဆုပေးခြင်းကို ၁၉၅၈ ခုနှစ်ကတည်း စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
(ဆလိုင်းဟံသာစန်း သတင်းပေးပို့ကာ၊ မုံပီး ရေးသားသည်။)