ချင်းမိုင် (မဇ္စျိမ) ။ ။ အငြိုးကြီးလှသော ကရင်အဖွဲ့ကွဲ နှစ်ခုအကြား ပြန်လည်ပြောင်းစည်းရေး ကြိုးပမ်းမှုများမှာ အောင်မြင်မှုမရဘဲ ဖြစ်နေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟို သတင်းရပ်ကွက်တခုက ပြောသည်။
ကေအန်ယူ၏ တပ်ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ စစ်ဦးစီးချုပ် မူးတူးဆေးဖိုးနှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော် (DKBA) မှ ကိုယ်စားလှယ် မြိုင်ကြီးငူ ဆရာတော် ဦးသုဇနတို့ ထိုင်း-မြန်မာနယ်စပ်တွင် အောက်တိုဘာလ ၁၉ ရက်နေ့က လျှို့ဝှက်ဆွေးနွေးကြသော်လည်း တစုံတရာ သဘောတူညီမှု မရဘဲ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။
“တွေ့ဆုံဆွေးနွေးပွဲကလည်း ဘယ်မှ ခရီးမရောက်ဘူးပေါ့လေ။ ဘုန်းကြီးအနေနဲ့ကလည်း ကြိုးစားတာပဲ။ ဒါပေမဲ့ သူတပ်တွေကလည်း သူစကားကို နားထောင်တာရှိတယ်။ နားမထောင်တာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့တပ်တွေက နအဖ နောက်ကို လိုက်သွားပြီလေ။ တချို့တပ်ခွဲတွေကလည်း သူ့စကား နားမထောင်တော့ဘူးဗျ။ အဲဒါက သူ ဒီဆွေးနွေးပွဲအတွက် အခက်အခဲဖြစ်တာပေါ့” ဟု သတင်းရပ်ကွက်က မဇ္စျိမကို ပြောသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ၁၉၄၈ ခုနှစ်ကတည်းက လက်နက်ကိုင် တော်လှန်သည့် KNU အတွင်း ၁၉၉၄ ခုနှစ်တွင် ကွဲထွက်သွားခဲ့ပြီးနောက် အသေအပျောက် များလှသော တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။
KNU ၏ အမာခံ စခန်းတခုဖြစ်သော မာနယ်ပလော အပါအဝင် နယ်မြေစိုးမိုးရေး တိုက်ပွဲများတွင် စစ်အစိုးရက ငြိမ်းချမ်းရေး ရယူထားသော DKBA ကို မဟာမိတ်ပြု၍ KNU အပေါ် တိုက်ခိုက်ခဲ့သည်။
သြဇာရှိ ခေါင်းဆောင်တဦးဖြစ်သော KNU အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာကို ထိုင်းနယ်စပ် မဲဆောက်ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သေနတ်သမား ၂ ဦးက လုပ်ကြံသတ်ဖြတ်ခဲ့သည်။ လေ့လာသုံးသပ်သူများက DKBA က လုပ်ဆောင်ခဲ့သည်ဟု လက်ညှိုးထိုးခဲ့သည်။ DKBA ဘက်တွင်လည်း ချောင်းမြောင်း သတ်ဖြတ်ခံရမှုများ ရှိခဲ့သည်။
ယခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် မြိုင်ကြီးငူ ဆရာတော်က တိုက်ခိုက် သတ်ဖြတ်မှုများကို ရပ်စဲ၍ သွေးစည်းစေလိုကြောင်း ကြေညာချက် စာတစောင်ကို KNU သို့ ပို့ပေးခဲ့သည်။
KNU တပ်မဟာ ၆ နယ်မြေ ဒူပလာယာခရိုင် ဥက္ကဋ္ဌ စောရွှေမောင်းက ဆရာတော် ဦးသုဇနထံသို့ တပတ်အတွင်း စာပြန်လျှောက်ထားခဲ့အပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
“ဆွေးနွေးမှုက မပြတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ သူတို့ဆွေးနွေးကြတာက နှစ်ဖက်စလုံး အပစ်အခတ် ရပ်မယ်ဆိုလို့ရှိရင် သူ့ဘက်ကိုယ့်ဘက်ကို ထိန်းနိုင်တဲ့ အနေအထားရောက်မှ အပစ်အခတ်က ရပ်မှာကိုး။ မထိန်းနိုင်ဘဲနဲ့တော့ အပစ်အခက်ရပ်မယ်ဆိုရင် ရပ်တဲ့အဖွဲ့က ရပ်၊ ပစ်တဲ့အဖွဲ့က ပစ်ဆိုရင် အလကားပဲ။ ပြန်ပြီးတော့ ထပ်ရှုပ်လာဦးမယ်” ဟု ကရင်ခေါင်းဆောင်တဦးက ပြောသည်။
DKBA ၉၉၉ တပ်အရာရှိတဦးကမူ တပ်အတွင်း ညီညွတ်မှုရှိနေပြီး မြိုင်ကြီးငူ ဆရာတော်စကား လိုက်နာပါသည်ဟု ပြောသည်။
"ဆရာတော်ကတော့ ကျနော်တို့ကို အမြဲတမ်း မှာပါတယ်။ အမြဲတမ်း နားထောင်ပါတယ်။ အချင်းချင်း ညီညီညွတ်ညွတ်နေဖို့ဟာကို။ ဆရာတော်ကတော့ သွားဆွေးနွေးတာက ကျနော်တို့ နှစ်ဘက် ညီညီညွတ်ညွတ်နေဖို့၊ ဒါပဲ။ ပြေလည်၊ မပြေလည်ဆိုတာကတော့ ဆရာတော် လမ်းညွှန်မှုအတိုင်းပဲ” ဟု ၎င်းအရာရှိက ပြောသည်။
"ကျနော်တို့ DKBA ကတော့ ဆရာတော် ပြီးတယ်ဆိုရင် ပြီးတာပဲ။ ဆရာတော်စကား နားမထောင်တဲ့လူ တယောက်မှ မရှိပါဘူး။ ဆရာတော်က ညီညီညွတ်ညွတ်နေဆိုရင် ကျနော်တို့အားလုံးက ညီညီညွတ်ညွတ် နေမှာပဲ။ DKBA နဲ့ KNU နဲ့ အားလုံး ညီညီညွတ်ညွတ်နေရင် ကျနော်တို့ အားလုံး ဝမ်းသာတာပေါ့” ဟု သူက ဆက်ပြောသည်။