မဇ္ဈိမ (ချင်းမိုင်) ။ ။ မြန်မာပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်များကို အင်တာနက်ပေါ်တွင် ပိုမိုတွေ့မြင်လာရသည်။
စျေးကွက်၊ လျှပ်တပြက်၊ ရန်ကုန်တိုင်းမ်၊ Weekly Eleven၊ မြန်မာတိုင်းမ်၊ အလင်္ကာဂီတ၊ ပေါ်ပြူလာ၊ ကွန်ပြူတာ၊ 7 days News၊ သစ္စာဂျာနယ် (True News) အစရှိသည်တို့သည် အွန်လိုင်းတွင် တင်ထားသော ဂျာနယ်များတွင် ပါဝင်သည်။
နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုရှိလာခြင်း၏ သင်္ကေတတခုဖြစ်ပြီး ပြည်ပမှာ ရောက်ရှိနေသည့် မြန်မာစာဖတ် ပရိသတ်များ၏ တောင်းဆိုမှုနှင့် ဂျာနယ်များ ပြိုင်ဆိုင်မှု အားကောင်းလာခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြည်တွင်းရှိ အယ်ဒီတာတဦးက ပြောသည်။
“အင်တာနက် ကျွမ်းကျင်ရမယ်။ အချိန်မရွေး အင်တာနက် ဖွင့်နိုင်ရမယ်။ မြန်မာပြည်မှာက အင်တာနက်က မတွင်ကျယ်သေးဘူးလေ။ ကွန်နက်ရှင်အပိုင်းမှာလည်း အားနည်းမှုရှိတယ်။ စျေးကွက်မှာ ထိခိုက်တာမတွေ့ရပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။
ဂျာနယ်များ အွန်လိုင်းပေါ် တင်ခြင်းကြောင့် ဂျာနယ်ရောင်းအား ကျဆင်းမှုမရှိကြောင်း သိရသည်။
သို့သော် အွန်လိုင်းသို့ တင်ရာတွင်လည်း ဆင်ဆာဘုတ်ကို ဖြတ်သန်းရခြင်းကတော့ လွတ်ကင်းမှုမရှိပါ။ ဂျာနယ်များအနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ကင်းလွတ်ခွင့်ပြုပြီးသား စာများကိုသာ ဖော်ပြရခြင်း ရှိသည်။
“စာပေစိစစ်တာကိုတော့ အချိန်ပေးရတာပေါ့နော်။ ဆင်ဆာ ဖြတ်ရပါတယ်။ ဆင်ဆာ ခွင့်ပြုပြီး ပတ်စ်လုပ်ပြီးမှ နောက်ဆုံး final ပေးလိုက်တဲ့ စီဒီပေါ့။ အဲဒီ စီဒီထဲကပဲ အွန်လိုင်းပေါ် တင်ရပါတယ်” ဟု ဂျာနယ်တိုက်တခုမှ အယ်ဒီတာတဦးက ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့်ပြုမှုလိုင်စင် ၂၇၀ ခန့် ချထားပေးသည့်အနက် ၁၂၀ မှာ အပတ်စဉ်ထုတ် ဂျာနယ်များဖြစ်ပြီး ကျန်လိုင်စင်များမှာ လစဉ်ထုတ် မဂ္ဂဇင်းများအတွက် ဖြစ်သည်။ အပတ်စဉ်ထုတ်များအနက် ၂၁ စောင်မှာ အထွေထွေ သတင်းများဖြစ်သည်ဟု စာပေစိစစ်ရေး၏ ၂၀၀၇ ခုနှစ် စာရင်းအရ သိရသည်။