ပိုက်လိုင်း စဖောက်ချိန်တွင် လယ်မြေသိမ်းမှုပါ တပါတည်း စတင်

ပိုက်လိုင်း စဖောက်ချိန်တွင် လယ်မြေသိမ်းမှုပါ တပါတည်း စတင်
လျော်ကြေးပေးမည်ဟု ကတိပေးပြီး မေလအတွင်းက လယ်မြေများ သိမ်းယူခဲ့သော်လည်း ယခုထိ လျော်ကြေးပေးခြင်း မရှိသေးကြောင်း မြန်မာပြည် အနောက်ပိုင်း ရခိုင်ပြည်နယ် ...

နယူးဒေလီ (မဇ္ဈိမ)။      ။ လျော်ကြေးပေးမည်ဟု ကတိပေးပြီး မေလအတွင်းက လယ်မြေများ သိမ်းယူခဲ့သော်လည်း ယခုထိ လျော်ကြေးပေးခြင်း မရှိသေးကြောင်း မြန်မာပြည် အနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဒေသခံများက ပြောကြားသည်။

ရေနံ တာမီနယ်တခု တည်ဆောက်ရန်ဟု အကြောင်းပြကာ သိမ်းယူသော လယ်မြေများအတွက်လည်း လျော်ကြေးများ ရက်ရောစွာ ပေးမည်ဟု ကတိပေး၍ သူတို့လယ်မြေများကို အာဏာပိုင်များက သိမ်းယူခဲ့သည်ဟု ကျောက်ဖြူမြို့နယ် မာလာကျွန်းမှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

''သူတို့က ကျနော်တို့ကို စာချုပ်ပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်။ အဲဒီမှာပေးမယ့် လျော်ကြေးငွေ အတိအကျကိုလည်း ရေးထားတယ်။ ဒါပေမဲ့ အခုထိ လျော်ကြေးရမယ့် အရိပ်အယောင် မမြင်ရသေးဘူး'' ဟု မာလာကျွန်း ကျေးရွာသားတဦးက မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူမြို့မှ ဒေသခံတဦး၏ အပြောအရ ရွာသားများ အုန်းခြံနှင့် လက်တူးရေနံတွင်းများ လုပ်ကို်င်ခဲ့သည့် လယ်မြေများပေါ်တွင် အာဏာပိုင်များက ဓာတ်ငွေ့တာဘိုင် တည်ဆောက်ရေးအတွက် အုတ်မြစ်ချ လုပ်ငန်းများ စတင် လုပ်ကိုင်နေပြီဟု ဆိုသည်။

''တချို့ရွာသားတွေအတွက်က တခြားမှာလည်း ထွန်ယက်လုပ်ကိုင်စရာ လယ်မရှိတော့ ဒါကိုပဲ မှီခို စားသောက်နေရတာ'' ဟု အဆိုပါ ဒေသခံက ပြောသည်။ လျော်ကြေးရမည့် အရိပ်အယောင်လည်း ယခုထိ မမြင်ရသေးပါဟု သူက ဆက်ပြောသည်။

ကျေးရွာသားများနှင့် ဒေသခံမြို့ပေါ်မှ လူများက ဤသို့ လယ်မြေများ သိမ်းယူခြင်းကို မြန်မာစစ်အစိုးရ၏ လုပ်နေကျ လုပ်ရပ်အဖြစ် ရှုမြင်သဘောထား နေကြချိန်တွင် အဆိုပါဒေသတွင်း၌ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ရေး လုပ်ငန်းကို စတင်လိုက်ပြီ ဖြစ်ကြောင်း တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က နိုဝင်ဘာလ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်အစိုးရ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများကို စောင့်ကြည့် အကဲခတ်နေသည့် တက်ကြွလှုပ်ရှားသူ အဖွဲ့တဖွဲ့ဖြစ်သော ထိုင်းအခြေစိုက် ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ ၏ အပြောအရ CNPC သည် ကျောက်ဖြူမြို့နယ် အတွင်း သဘာဝဓာတ်ငွေ့ ဆိပ်ကမ်းတခုနှင့် ရေနံဆိပ်ကမ်းတခု တည်ဆောက်မည်ဟု ဆိုသည်။

ပိုက်လိုင်းနှစ်ခုကို ဆိပ်ကမ်းနှစ်ခုနှင့် ဆက်သွယ်ထားမည် ဖြစ်သည်။ ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ကမ်းလွန်ဒေသတွင် တူးဖော်နေသည့် ရွှေသဘာဝဓာတ်ငွေ့မြေမှ တူးဖော်ထုတ်ယူသည့် ဓာတ်ငွေ့များကို သယ်ပို့ပေးမည်ဖြစ်ပြီး၊ ရေနံပိုက်လိုင်းမှာမူ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများမှ ဝယ်ယူလာသော ရေနံများကို တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ တင်ပို့ရန် ဖြစ်သည်။

''ဤသို့ လယ်မြေများ သိမ်းယူခံခဲ့ရ၍ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသော်လည်း ရေနံ တာမီနယ် တည်ဆောက်ပြီးစီးသွားပါက လျှပ်စစ်သုံးစွဲခွင့် ရရှိလိမ့်မည်ဟု အချို့က မျှော်လင့်နေကြသည်'' ဟု အစိုးရဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။

သို့သော် ဓာတ်ငွေ့ရှာဖွေခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းများကို စောင့်ကြည့်လေ့လာနေသည့် ရွှေဂက်စ်ကင်ပိန်း အဖွဲ့ကမူ CNPC က ရွှေသဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် ဓာတ်ငွေ့ကို တဦးတည်း ဝယ်ယူခွင့် ရရှိထားသည့်အတွက် ကျေးရွာသားများ၏ မျှော်လင့်ချက်ကို ပယ်ချလိုက်ကြသည်။

ရွှေသဘာဝဓာတ်ငွေ့ အစုရှယ်ယာများကို ကိုးရီးယားဒေဝူး၊ ကိုရီးယား သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း (KOGAS)၊ အိန္ဒိယ ဓာတ်ငွေ့ အာဏာပိုင်အဖွဲ့ (GAIL) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တို့ က ပိုင်ဆိုင်ကြသည်။

လောလောဆယ်တွင် ကျောက်ဖြူမြို့သည် လျှပ်စစ်မီးကို တပတ်လျှင် ၆ ရက်ဆက်တိုက် ညနေ ၆ နာရီမှ ည ၉ နာရီထိသာ ရရှိသည်။

စစ်အစိုးရက မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၃၀ စာချုပ်ဖြင့် ရောင်းချရန် သဘောတူထားပြီး ဖြစ်သည့်အတွက် စစ်အစိုးရအဖို့ အမေရိကန် ဒေါ်လာ ၃၀ ဘီလျံမျှ ရရှိမည်ဖြစ်ပြီး၊ ဓာတ်ငွေ့ဆိပ်ကမ်းနှင့် ပိုက်လိုင်းတည်ဆောက်ခြင်း လုပ်ငန်းများမှ ကျေးရွာသားများအနေနှင့် မည်သည့် အကျိုးကျေးဇူးမျှ ခံစားခွင့် ရရှိလိမ့်မည် မဟုတ်ဟု ကင်ပိန်းလှုပ်ရှားသူများက ပြောကြသည်။

ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားရေးအဖွဲ့မှ ဦးဝင်းအောင်က ''ဒီစီမံကိန်းက ဒေသခံလူထုအပေါ် ဘယ်လိုမှ အကျိုးရှိမှာ မဟုတ်ပါဘူး။ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများပင် ပေးနိုင်မည်မဟုတ်" ဟုဆိုသည်။ ဆက်လက်ပြီး "လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိပေမယ့် အထည်ချုပ် လုပ်ငန်းလိုဟာမျိုးက အလုပ်အကိုင် ပေးနိုင်သေးတယ်။ ဒီဓာတ်ငွေ့ ပိုက်လိုင်းကတော့ ဘယ်လို အခွင့်အလမ်းမျိုးမှ ရနိုင်မှာ မဟုတ်ပါဘူး''ဟု မဇ္စျိမကို ပြောသည်။

ယခုတည်ဆောက်မည့် ဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာနိုင်ငံတွင်းတွင် ကီလိုမီတာ ၉၀၀ မျှ ရှည်လျားမည် ဖြစ်သည့်အတွက် စစ်အစိုးရက လမ်းကြောင်းရှင်းလင်းရေး လုပ်ငန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ကျူးလွန်ဦးမည်ဟု ဦးဝင်းအောင်က ဆက်ပြောသည်။

''စစ်အစိုးရက လမ်းကြောင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ မြေသိမ်းတာတွေ၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ၊ တခြား ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ထပ်ဖြစ်ဦးမှာ'' ဟု သူက ပြောသည်။

ဤသို့ ကြောက်မက်ဖွယ် ကောင်းလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိလာနိုင်သည့်အတွက် ဤစီမံကိန်းကို ရပ်တန့်ထားပါရန် ဦးဝင်းအောင်၏ အဖွဲ့နှင့်တကွ  အခြားပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း အများအပြားက တရုတ်သမ္မတ ဟူကျင်းတောင်ထံ ပန်ကြားလွှာတစောင် ရေးသားပေးပို့ခဲ့ကြသည်။

(ခိုင်စု သတင်းပေးပို့သည်။ မုံပီး တည်းဖြတ်သည်။)