ယာယီနိုင်ငံကူးလက်မှတ်လုပ်ငန်း အောင်မြင်ရန်မလွယ်

ယာယီနိုင်ငံကူးလက်မှတ်လုပ်ငန်း အောင်မြင်ရန်မလွယ်
by -
ကောင်းဝါ
ထိုင်းမြန်မာအစိုးရတို့နှစ်ဖက်သဘောတူညီမှုအရ ပြုလုပ်လျှက်ရှိသည့် မြန်မာယာယီ နိုင်ငံကူးလက်မှတ် သတ်မှတ်ကာလအတွင်း ပြီးမြောက်နိုင်ရန် မလွယ်ကူတော့ကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦး ...

(နို်ဝင်ဘာ- ၆)။    ။ ထိုင်းမြန်မာ အစိုးရတို့နှစ်ဖက် သဘောတူညီမှုအရ ပြုလုပ်လျှက်ရှိသည့် မြန်မာယာယီ နိုင်ငံကူးလက်မှတ် သတ်မှတ်ကာလအတွင်း ပြီးမြောက်နိုင်ရန် မလွယ်ကူတော့ကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦးမြန်မာအလုပ်သမားများအဖွဲ့ တာဝန်ခံကိုမိုးဆွေနှင့် ယမန်နေ့ တွေ့ဆုံမေးမြန်းချက်တစ်ရပ်၌ ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကိုမိုးဆွေက “ ထိုင်းနိုင်ငံမှာတရားဝင်မှတ်ပုံတင်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား တစ်သန်းခန့်ရှိနေတယ်လို့ ထိုင်းအလုပ်သမားစာရင်းဇယားတွေအရ ကျနော်တို့သိထားတယ်၊ လောလောဆယ်အခု ၄ လကာလအတွင်းမှာ မြန်မာအလုပ်သမား ၂၀၀၀ ကျော်လောက်ပဲ ယာယီနိုင်ငံကူးလက်မှတ်လုပ်ထားခဲ့ပြီးလို့ သိရတယ်၊ ကျန်တဲ့ ၄ လအတွင်းမှာ ထိုင်းမှာလက်ရှိမှတ်ပုံတင်ထားတဲ့ ကျန်အလုပ်သမား ၉ သိန်းကျော်လောက်ကို ဘယ်လိုမှပြီးမြောက်အောင်လုပ်ပေးနိုင်မှာ မဟုတ်ဘူး ” ဟုပြောကြားပါသည်။

အဆိုပါယာယီနိုင်ငံကူးလက်မှတ်ကို နှစ်နိုင်ငံအစိုးရတို့ လွန်ခဲ့သည့် ဇူလိုင်လလယ်မှ စတင်အကောင်အထည်ဖေါ် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

လက်တွေ့အားဖြင့် ရနောင်း၊ မြဝတီ၊ တာချီလိတ်မြို့များရှိ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်းများ ၌ ပျမ်းမျှတစ်နေ့လျှင် မြန်မာနိုင်ငံသား ၁၄ ဦးခန့်သာ နိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

မြန်မာအစိုးရနှင့် အလုပ်သမားများအကြား ယာယီမြန်မာနိုင်ငံကူးလက်မှတ် လုပ်ငန်းစဉ် နှေးကွေးနေရခြင်းမှာ သက်ဆိုင်ရာဒေသ၌ မြန်မာနိုင်ငံသားဖြစ်မှုအထောက်အထားဖြစ်မှုကိုရယူရာတွင် ဒေသခံမြန်မာအုပ်ချုပ်ရေး အာဏာပိုင်များ ငွေညှစ်ခြိမ်းချောက်ခဲ့သည့်သတင်းများ အလုပ်သမားများအကြား ပြန့်နှံ့နေသောကြောင့် ဖြစ်သည်။

ထိုင်းနိုင်ငံ ဖူးကက်ဒေသရှိ မွန်အလုပ်သမားအရေးလှုပ်ရှားနေသူ နိုင်အောက်က ၄င်းဒေသရှိ မွန်အလုပ်သမား အများစုမှာ ဖေဖေါ်ဝါရီလမကုန်မီ နေရပ်အသီးသီးသို့ပြန်ရန် စိုင်းပြင်းနေကြသည်ဟု ဆိုပါသည်။

တဖန် မဟာချိုင်ရှိအချို့အလုပ်ရုံများမှာ အလုပ်သမားထောက်ခံပြုလုပ်နိုင်ရန်အတွက် ထိုင်းအလုပ်ရှင်တို့က လစာ ငွေများ ကြိုတင်ဖြတ်တောက်ရယူထားပြီဟု ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန် ကြိုးပမ်းနေသူ ရေးမြို့နယ်၊ ဟံဂံကျေးရွာသား မင်းလဝီချမ်းက ပြောပါသည်။

ဆက်လက်၍ “ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီပြီးရှိတဲ့ မြန်မာအလုပ်သမားတွေအားလုံးကို ထိုင်းအစိုးရကဖမ်းဆီးပြီး  မြန်မာပြည်ကို ပြန်ပို့ဖို့ဆိုတာမလွယ်ကူတဲ့အလုပ်ပါ” ဟု ကိုမိုးဆွေကပြောကြားပါသည်။မြန်မာအလုပ်သမား ၂ သန်း ကျော်အား ဖမ်းဆီးပြီးမြန်မာပြည်သို့ ပြန်ပို့ရန်မှာ မဖြစ်နိုင်သောအလုပ်ဖြစ်နေသည်။

တနည်းအားဖြင့် ထိုင်းနိုင်ငံတွင်လည်း မြန်မာအလုပ်သမားများမရှိလျှင် ထိုင်းနိုင်ငံ၏စီးပွားရေးလုပ်ငန်းများစွာ ထိခိုက် လာနိုင်သည်။ ထို့ကြောင့် ဆက်လက်ပြီးမြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန် ထိုင်းအစိုးရတို့မှ နည်းလမ်းသစ်များ ရှာဖွေကြံဆလာနိုင်သည်ဟု ကိုမိုးဆွေက သုံးသပ်ယူဆခဲ့သည်။

လက်တွေ့တွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်လျှက်ရှိသော လာအို၊ ကမ္ဘောဒီယားနိုင်ငံသားများမှာ သက်ဆိုင်ရာ အလုပ်သမား နိုင်ငံကူးလက်မှတ်ကိစ္စ ပြုလုပ်ရာတွင် အစိုးရနှင့်ချောမွေ့အဆင်ပြေလျက်ရှိရာ ၄င်းနိုင်ငံသားများတို့ ထိုင်းနိုင်ငံအတွင်း အေးချမ်းစွာအလုပ်လုပ်ကိုင်နေကြရသည်ကို တွေ့မြင်နေရသည်။

Most read this week