တရုတ်ကြက်သွန်နီကြောင့် စျေးပြန်အေးလာ

တရုတ်ကြက်သွန်နီကြောင့် စျေးပြန်အေးလာ
တရုတ်ပြည်မှ ကြက်သွန်နီ တင်သွင်းလာမှုကြောင့် မြန်မာ့စျေးကွက်အတွင်း ကြက်သွန်နီ စျေးနှုန်း အနည်းငယ် ကျဆင်း လာနေသည်။ ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးအပတ်အတွင်း တရုတ်နိုင်ငံ ...

နယူးဒေလီ။      ။ တရုတ်ပြည်မှ ကြက်သွန်နီ တင်သွင်းလာမှုကြောင့် မြန်မာ့စျေးကွက်အတွင်း ကြက်သွန်နီ စျေးနှုန်း အနည်းငယ် ကျဆင်း လာနေသည်။

ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးအပတ်အတွင်း တရုတ်နိုင်ငံမှ ကြက်သွန်နီစုစုပေါင်း တန်ချိန် ၂၀ တင်သွင်းလာမှုကြောင့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရှယ်တပိသာ ကျပ် ၁၄၀၀ မှ ယခုအခါ တပိသာ ကျပ် ၁၂၅၀ သို့ ကျသွားသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းမှ စတင်ကာ ကြက်သွန်နီ စျေးနှုန်း တရှိန်ထိုး စျေးနှုန်း မြှင့်တက်လာခဲ့ရာ၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကြက်သွန်နီ တပိဿာစျေးနှုန်း ကျပ် ၁၈၀၀ ရှိခဲ့သည်။

ကြက်သွန်နီစျေးနှုန်းများ စျေးကွက်အတွင်း အဆမတန် မြှင့်တက်လာရခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ ကြက်သွန်နီ စိုက်ခင်းများအတွင်း ရေကြီးမှု များ ဖြစ်ပေါ်ခဲ့သည့်အတွက် စိုက်ခင်းများပျက်စီးခြင်း၊ ကြက်သွန်ပေါ်ချိန် တလ နောက်ကျခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပွဲရုံများအဆိုအရ သိရသည်။

“ပြီးခဲ့တဲ့လလောက်က ကျောက်ဆည်ဘက်မှာ နည်းနည်း ရေကြီးလို့ မိုးကြက်သွန်က အနောက်ကို တလလောက် နောက်ဆုတ် သွားတာလေ။ အဲဒါကြောင့် ကြက်သွန်အသစ် ပေါ်တဲ့အချိန်ဟ သွားတော့ လက်ကျန်နဲ့ နည်းနည်းလေး လိုသွားတာ။ ပစ္စည်းပျက်တော့ အခုလိုစျေးတွေ တက်ကုန်တာပေါ့” ဟု ဘုရင့်နောင်ပွဲရုံုရှိ ကျော်စိန် ပွဲရုံပိုင်ရှင်က ပြောသည်။

ကြက်သွန်နီရှားပါးပြီး စျေးနှုန်းမြှင့်တက်လာသည့်အတွက် မြန်မာအိမ်နီးချင်း နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံမှ ယခုနှစ်၊ စက်တင်ဘာလ လဆန်းပိုင်း တွင်လည်း တန်ချိန် ၁၂၀ မှာယူ တင်သွင်းခဲ့ရကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံမှ ကြက်သွန်နီ မှာယူတင်သွင်းမှုသည် ပထမဦးဆုံးအကြိမ် ဖြစ်ပြီး၊ တန်ချိန်စုစုပေါင်း ၂၂၃ မှာယူ တင်သွင်းသွားမည် ဖြစ်သည့်အပြင်၊ ရောင်းစျေး တပိဿာကို အမြင့်ဆုံးစျေးနှုန်း ကျပ် ၉၀၀ အဖြစ်၊ သတ်မှတ်ကာ စျေးနှုန်းထိန်းသိမ်း ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊  ကြက်သွန်ဖြူ နှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို ကိုးကား၍ အပတ်စဉ်ထုတ် The Voice ဂျာနယ်က ဖော်ပြထားသည်။

ယခုလို တရုတ်ပြည်မှ မှာယူတင်သွင်းသည့် ကြက်သွန်နီများမှာ အခွံပါးလွာပြီး၊ တလုံးတွင် အလေးချိန် ၃၀ သားမှ ၄၀ သားအထိ ရှိကာ တာရှည်အထားမခံကြောင်း ပွဲရုံများက ပြောသည်။

“အထားမခံဘူး၊ သူက ၁ပတ် ၂ ပတ် ဆိုရင် ပုပ်ကော၊ မြန်မြန်ဖြန့်ရတယ်။ လက်လီရောင်းဖို့ သိပ်မလွယ်ဘူး။ အိမ်ရှင်မတွေကတော့ သိပ်မကြိုက် ဘူးပေါ့ဗျာ” ဟု ဘုရင့်နောင် ပွဲရုံ တာဝန်ခံ တဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ အိမ်ရှင်မ တဦးကလည်း “ကြက်သွန်တွေက အလုံးကြီးတော့ တခါချက်ရင် တဝက်လှီးလိုက်၊ တဆိတ်လောက်လှီးလိုက် နဲ့ သိပ်အဆင်မပြေပါဘူး။ တလုံးတလုံးကို တော်တော်ကြီးတာကိုး။ မိသားစုနဲတဲ့ အိမ်ဆိုရင်ပိုတောင်ဆိုးသေးတယ််” ဟု ပြောသည်။

တရုတ်နိုင်ငံထွက် ကြက်သွန်နီများကို မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် မူဆယ်- မန္တလေး- ရန်ကုန် လမ်းကြောင်းအတိုင်း တင်သွင်းနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီ အများဆုံးထွက်ရှိသည့် ဒေသမှာ မန္တလေးတိုင်းဖြစ်ပြီး၊ မိုးကြက်သွန်စိုက်ဧက စုစုပေါင်း ရ၀၈၃ ရှိပြီး၊ ဆောင်း စိုက်ဧက ၆၂၂၈၈၁ ရှိကြောင်း အစိုးရ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

(ချယ်ရီမှ သတင်းပေးပို့သည်။ နန်းဒေဝီ တည်းဖြတ်သည်။)

Most read this week