နယူးဒေလီ (မဇ္စျိမ)။ ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ဆားပြင်ကျေးရွာနှင့် ၄ မိုင်အကွာအဝေးတွင် ယမန်နေ့ ည ၈းဝဝ နာရီခန့်က ပြင်းထန်သည့် ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး ဒဏ်ရာရသွားခဲ့သည်ဟု တောင်ကုတ်မြို့ခံများက ပြောသည်။
ဗုံးပေါက်ကွဲမှုဟုဆိုသော ယင်းပေါက်ကွဲမှုကြောင့် အနီးနားရှိ လူ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၃ ဦးမှာ အတွင်းလူနာ အဖြစ် တောင်ကုတ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။
“ပေါက်ကွဲတာက အသံအကျယ်ကြီး ကြားရတယ်။ သေဆုံးတာတွေတော့ မရှိဘူး။ တောင်ကုတ် ဆေးရုံကို တင်ထားရတယ်။ ၈ ဦး ကတော့ ဒဏ်ရာ သိပ်မပြင်းဘူး။ ၃ ဦး ကတော့ ဒဏ်ရာပြင်းလို့ အတွင်းလူနာအဖြစ် တင်ထားရတယ်” ဟု ဆားပြင်ဒေသခံ တဦးက ပြောသည်။
အခြား ဆားပြင်ကျေးရွာ နေထိုင်သူ တဦးကလည်း “ဗုံးပေါက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ရဲက မသင်္ကာတဲ့ လူ တယောက်ကို ဖမ်းထားတယ်။ ဘယ်လိုပေါက်တယ် ဆိုတာတော့ မသိရသေးဘူး”ဟု ပြောသည်။
တောင်ကုတ်ဒေသခံများအနေဖြင့် ထိုပေါက်ကွဲမှုသည် ဗုံးပေါက်ကွဲမှုဖြစ်ကြောင်း အတည်ပြု ပြောဆိုနေသော်လည်း ထိုဒေသရှိ သက်ဆိုင်ရာ ရဲစခန်းကမှု အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း မဇ္စျိမကို ယခုလိုပြောဆိုခဲ့သည်။
“အဲဒီအမှုနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေက စုံစမ်းခိုင်းထားတဲ့အတွက် စုံစမ်းနေဆဲပါ” ဟု ရဲစခန်း တာဝန်ကျ ရဲအရာရှိ ဝန်ထမ်းတဦးက ပြောသည်။
ထို့အပြင် တောင်ကုတ် ပြည်သူ့ဆေးရုံကို ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျဆေးရုံ အမှုထမ်းက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
(ခိုင်စု သတင်းပေးပို့သည်။နန်းဒေဝီ တည်းဖြတ်သည်။)