ချင်းမိုင် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဆိုင်းငံ့ထားခဲ့သော ဧရာဝတီတိုင်း နာဂစ် ဆိုင်ကလုံးမုန်တိုင်း သင့်ရာ ဒေသများကို သွားရောက်ခြင်းကို ယနေ့ စတင်လိုက်သည်ဟု စစ်ဘက် သတင်းရပ်ကွက်များ အရ သိရသည်။
အောက်တိုဘာလ အစောပိုင်းက နာဂစ်သင့်ဒုက္ခသည်များ အားပေးနှစ်သိမ့်ရန်နှင့် ဖျာပုံမြို့နယ်တွင် ဆိုင်ကလုံးခို အဆောက်အဦး ဖွင့်ပွဲတက်ရန် စီစဉ်ထားခဲ့သော်လည်း ရုတ်တရက် ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရာက ယနေ့ သွားရောက်ခြင်းဖြစ်ကာ သတင်းပေးပို့ချိန်တွင် လမ်းခရီးတွင်ပင် ရှိနေသေးသည်။
နအဖအကြီးအကဲသည် ဖျာပုံမြို့နယ်တွင် နေ့လည်စာ စားသုံးလိမ့်မည်ဟု သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။
ခရီးစဉ်နှင့် ပတ်သက်ပြီး အောက်တိုဘာ ၃၀ ရက်နေ့အထိ သူ၏ ခရီးစဉ်လိုက်ပါမည့် အရာရှိများကိုပင် အသိမပေးဘဲ ထားခဲ့သည်။
၂၀၀၈ ခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူဦးရေ ၁ သိန်း ၄ သောင်းကျော် သေကျေ ပျောက်ဆုံးခဲ့ရသည်။ ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ လူဦးရေ ၂ သန်း ၄ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။
လွန်ခဲ့သည့်လအတွင်း ရန်ကုန်မြို့တွင်ပင် အများအားဖြင့် နေထိုင်နေခဲ့သည့် စစ်ခေါင်းဆောင်၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်သည် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။
ထိုအတောအတွင်း ရန်ကုန်သို့ အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ကင်းဘဲလ် (Kurt Campbell) နှင့် အာဆီယံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး စကော့မာစီယယ် (Scot Marciel) တို့သည် လာရောက် လည်ပတ်မှာ ဖြစ်သည်။
အမေရိကန်၏ ”အချက်အလက် ရှာဖွေရေး” ခရီးစဉ်တွင် ခရီးလွန်နေမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံဖွယ် မရှိဟု စစ်အစိုးရ သတင်းရပ်ကွက် ပြောသည်။