နယူးဒေလီ။ ။ မုန်တိုင်းသင့် ကလေးများကို ကူညီနေသည့် လင်းလက်ကြယ် အဖွဲ့ဝင်နှင့် အလွတ်သတင်းထောက် ကိုပိုင်စိုးဦးကို ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းရှိ နေအိမ်မှ ယမန်နေ့ ညပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးသွားသည်။
လင်းလက်ကြယ် လူမှုရေးအဖွဲ့တွင် တက်ကြွစွာ လုပ်ကိုင်နေသူ ၂၃ နှစ်အရွယ် ကိုပိုင်စိုးဦးကို မြို့နယ် အာဏာပိုင်များက မေးစရာရှိသည်ဟု ဆိုကာ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ယုဇန ဥယျာဉ်အိမ်ရာမှ ည ၉ နာရီခန့်တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“ကြံ့ဖွ့ံတံဆိပ်နဲ့ လူ ၃ ယောက်ရယ်၊ ရပ်ကွက်လူကြီး ၃ ယောက်ရယ် လာတယ်။ မေးစရာရှိလို့ ပြည်ထဲရေးကို ခေါ်သွားမယ်ဆိုပြီး ပြောတယ်။ လိုက်ခဲ့မယ် ပြောတော့၊ မလိုက်နဲ့ မနက်ဖြန် ပြန်လာလိမ့်မယ်လို့ အဲဒီလူတွေက ပြောတယ်” ဟု ကိုပိုင်စိုးဦးနှင့် အတူနေသူ မိတ်ဆွေတဦးက မဇ္စျိမကို ပြောသည်။
ဖမ်းဆီးစဉ်က အာဏာပိုင်များသည် အိမ်ခန်းများအတွင်းပါ ဝင်ရောက်ရှာဖွေခဲ့ပြီး၊ လင်းလက်ကြယ် အဖွဲ့ဝင်များ၏ အမည်များ ရေးထားသည့် မှတ်စုစာအုပ်နှင့် အခြား မှတ်စုစာအုပ် တအုပ် သိမ်းဆည်းသွားသည်။
ကိုပိုင်စိုးဦးသည် အပတ်စဉ်ထုတ် Favorite နှင့် ပြည်မြန်မာ ဂျာနယ်တွင် သတင်းထောက်အဖြစ် ယခင်က လုပ်ကိုင်ခဲ့ဖူးကာ၊ ဘလော့ဂ် ရေးနေသူ ဖြစ်သည်။
လင်းလက်ကြယ်အဖွဲ့ကို ၂၀၀၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်းအပြီး ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင် ၄၀ ကျော် ရှိသည့်အနက် အများစုမှာ ရန်ကုန်ရှိ သတင်းထောက်များနှင့် လူမှုရေး တက်ကြွလှုပ်ရှားသူ လူငယ်များ ပါဝင်သည်။
"သူတို့အဖွဲ့က နာဂစ်ဒဏ်ခံ ကလေးတွေကို စာရင်းပြုစုပြီးတော့ ကလေးတွေအတွက် လိုအပ်တဲ့ ကျောင်းသုံး စာအုပ်တွေ၊ ကျောင်းစရိတ်တွေကို ကျောင်းအုပ်တွေနဲ့ သွားဆွေးနွေးပြီး လှူကြတယ်" ဟု လင်းလက်ကြယ်နှင့် နီးစပ်သူ တဦးက ပြောသည်။
ကိုပိုင်စိုးဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း သိရှိနိုင်ရန် ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ ပြည်ထဲရေး ဝန်ကြီးဌာနသို့ သွားရောက်စုံစမ်းရာ ထိန်းသိမ်းထားသူ မရှိကြောင်း ဂိတ်စောင့်က ပြောဆိုခဲ့သည်။
စုံစမ်းခဲ့သူတဦးက “မနက်မိုးလင်းတော့ ပြန်ရောက်မလာလို့ ပြည်ထဲရေးရုံးကို လိုက်သွားတယ်။ ဂိတ်စောင့် ရဲတွေကို မေးကြည့်တဲ့အခါမှာ ၃ နာရီလောက် စောင့်ခိုင်းတယ်။ အဲဒီ case ဒီမှာ မရှိဘူးလို့ ဂိတ်စောင့်က ပြန်ပြောတယ်။သိချင်ရင် သက်ဆိုင်ရာ မြို့နယ်က ရပ်ကွက်ရုံး၊ ရဲစခန်းကို သွားမေးပါတဲ့” ဟု မဇ္စျိမကို ပြန်ပြောပြသည်။
ယခုလ ၂၆ ရက်နေ့ကလည်း ယုဇနဥယျာဉ် အိမ်ရာတွင် ဌားရမ်းနေထိုင်သည့် လင်းလက်ကြယ် လူငယ်များဖြစ်သည့် ကိုကကြီး၊ ကိုဇော်ကြီး၊ ကိုလိုင်းရွန်၊ ကိုရွှေမိုးနှင့် ကိုအောင်မြတ်ကျော်သူ အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ဖမ်းဆီးခံရသည်။ သူတို့အားလုံးကို မည်သည့်နေရာတွင် ထားရှိကြောင်း မသိရသေးပါ။
အလားတူ ထိုနေ့မှာပင် ၂၆ ရက်နေ့ကပင် The Voice နှင့် Living Color မဂ္ဂဇင်းမှ အပတ်စဉ် ထုတ်ဝေသည့် Foreign Affairs ဂျာနယ်မှ မြန်မာဘာသာပြန် အယ်ဒီတာဖြစ်ပြီး၊ လင်းလက်ကြယ် အဖွဲ့ဝင်တဦးဖြစ်သူ ကိုသန့်ဇင်စိုးလည်း အဖမ်းခံ ခဲ့ရသည်။
“သူ့ကိုလည်း ၂၆ ရက်နေ့က ဖမ်းသွားတယ်လို့ သိရတယ်။ သူကလည်း လင်းလက်ကြယ် လူမှုရေးအဖွဲ့မှာ ပါတဲ့သူ ဖြစ်တယ်” ဟု သူနှင့် နီးစပ်သူတဦးက မဇ္စျိမကို ဆိုသည်။
လင်းလက်ကြယ် အဖွဲ့ဝင်များကို အာဏာပိုင်များက ပိုက်စိပ်တိုက် လိုက်လံ ဖမ်းဆီးနေသဖြင့် အဖွဲ့ဝင်အချို့ တိမ်းရှောင်နေကြသည်။
ဟာသပညာရှင်နှင့် ဒါရိုက်တာ ကိုသူရ (ခေါ်) ကိုဇာဂနာနှင့် အားကစားဆောင်းပါး ကလောင်ရှင် ကိုဇော်သက်ထွေးလည်း နာဂစ်သင့် ဧရာဝတီတိုင်းရှိ လေဘေးဒုက္ခသည်များကို ကူညီနေရင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည်။
(ခိုင်စု သတင်းပေးပို့သည်။ ရဲရင့်အောင် တည်းဖြတ်သည်။)