ဝ' တပ်ဖွဲ့ အလျှော့ပေးမည့် လက္ခဏာမရှိဟု အကဲခတ်များ ပြော

ဝ' တပ်ဖွဲ့ အလျှော့ပေးမည့် လက္ခဏာမရှိဟု အကဲခတ်များ ပြော
by -
မုံပီး
ဝ'ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA သည် စစ်အစိုးရ အဆိုပြုထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖြစ် ပြောင်းလဲဖွဲ့စည်းရန် သဘောတူညီလိုက်ပြီ ...

နယူးဒေလီ (မဇ္ဈိမ) ။      ။ ဝ'ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA သည် စစ်အစိုးရ အဆိုပြုထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖြစ် ပြောင်းလဲဖွဲ့စည်းရန် သဘောတူညီလိုက်ပြီဟူသော ကောလာဟလကို တရုတ်-မြန်မာ နယ်စပ်အခြေစိုက် အကဲခတ်တဦးက မဖြစ်နိုင်ကြောင်း ငြင်းဆို ပြောကြား လိုက်သည်။

စစ်အစိုးရက သူတို့အဆိုကို လက်ခံရန် ထပ်တလဲလဲ ဖိအားပေးခဲ့ပြီးနောက် အင်အား ၂၅၀၀၀ ရှိ ဝ'တပ်ဖွဲ့သည် စစ်အစိုးရ၏ အစီအစဉ်ကို လိုက်နာရန် သဘောတူညီခဲ့သည်ဟု မြန်မာ့အရေး အကဲခတ်များအကြား ကောလာဟလများ ပျံ့နှံ့ခဲ့သည်။

''နအဖ SPDC ကမ်းလှမ်းတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ရေး အစီအစဉ်ကို ဝ'တပ်ဖွဲ့က မကြာသေးခင်က လက်ခံ လိုက်တယ်လို့ ကျနော် ကြားတယ်'' ဟု   သတင်းရပ်ကွက်တခုက စစ်အစိုးရ၏ တရားဝင်အမည် ဖြစ်သော နိုင်ငံတော် အေးချမ်းသာယာရေး ကောင်စီ SPDC ကို ရည်ညွှန်း၍ မကြာသေးခင်က မဇ္ဈိမကို ပြောကြားခဲ့သည်။

၀' တပ်ဖွဲ့များမှ သဘောတူရေးအတွက် တြိဂံတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

သို့သော် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် အကဲခတ်တဦး ဖြစ်သည့် ဦးအောင်ကျော်ဇောကမူ ဝ'တပ်ဖွဲ့နှင့် စစ်အစိုးရကြား သဘောတူညီမှု ရရှိခဲ့ခြင်း မရှိသေးကြောင်း၊ နောင်တွင် ရရှိနိုင်ဖွယ်ရှိသည် ဆိုသည့် သတင်းကိုမူ ငြင်းဆိုခြင်း မပြုနိုင်ကြောင်း ပြောသည်။

''အခုထိတော့ ဒီလိုမျိုး သဘောတူညီမှုမျိုး မရှိသေးပါဘူး။ ဒီတလောအတွင်း စစ်အစိုးရနဲ့ ဝ'တပ်ဖွဲ့ကြားမှာလည်း အဆင့်မြင့် ဆွေးနွေးပွဲတွေ မရှိသေးပါဘူး။ တင်းမာမှုကတော့ ကြီးကြီးမားမား ရှိနေဆဲပဲ၊ နှစ်ဖက်လုံးက တပ်အင်အား ဖြည့်တင်းတာတွေ လုပ်နေတယ်'' ဟု ဦးအောင်ကျော်ဇောက ပြောသည်။

သို့သော် တောင်ပိုင်း ဝ'တပ်ဖွဲ့ တပ်မှူး ဖြစ်သည့် ဝေရှောက်ခန်း အပါအဝင် ဝ'တပ်မှူး အတော်များများတွင် စီးပွားရေး အကျိုးစီးပွားများ ရှိနေသည့် အတွက် နောင်တွင် ဤသို့ သဘောတူညီမှုမျိုး မရနိုင်ဟုမူ မဆိုနိုင်ကြောင်း သူက ပြောသည်။

''ဒါပေမဲ့ ခေါင်းဆောင်တွေက ဒီအဆိုပြုချက်ကို လက်ခံချင်တယ် ဆိုဦးတော့၊ အောက်ခြေနဲ့ အလယ်အလတ် ခေါင်းဆောင်တွေက လက်ခံမယ့် အလားအလာ မရှိဘူး'' ဟု သူက ဆက်လက် ပြောဆိုသည်။

သူတို့၏ တပ်ဖွဲ့များကို စစ်အစိုးရအုပ်ချုပ်မည့် နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် အသွင်ပြောင်းလဲရေး အဆိုပြုချက်ကို ဝ'တပ်ဖွဲ့နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် KIA အပါအဝင် တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့ အနည်းငယ်က ဆန့်ကျင် ပယ်ချခဲ့ကြသည်။

သူတို့၏ အဆိုပြုချက်ကို အကြောင်းပြန်ရန် နောက်ဆုံး နေ့ရက်ကို အောက်တိုဘာ လကုန်အထိ စစ်အစိုးရက ပေးထားသည်။ ဤကန့်သတ်ရက် ကျော်လွန်သည့်အခါ မည်သို့ ဆောင်ရွက်မည် ဆိုသည်ကိုမူ သဲကွဲစွာ မသိရသေးပါ။ တိုက်ပွဲများ ဖြစ်ပွားလာမည့် အရိပ်အယောင်အဖြစ် မြန်မာ တပ်ဖွဲ့များ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများသို့ ပြောင်းရွှေ့ ချထားနေသည်ကို တွေ့ခဲ့ရသည်ဟု ကိုယ်တိုင် မြင်တွေ့ခဲ့ရသူများ က ပြောသည်။

ဤအတောအတွင်း ရှမ်းပြည်နယ်နှင့် တိုင်းရင်းသား သူပုန်တပ်ဖွဲ့များအကြောင်း အသေးစိတ် ရေးသား တင်ဆက်နေသည့် ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့်သတင်းစဉ် - SHAN အယ်ဒီတာ ဦးစိန်ကြည်ကမူ စစ်အစိုးရ၏ အဆိုပြုချက်ကို ဝ'တပ်ဖွဲ့က လက်ခံလိုက်ကြောင်း သဘောတူညီ ချက် ရရှိခဲ့သည်ဟူသော သတင်းမျိုး ယခုအထိ သူကြားသိရခြင်း မရှိသေးကြောင်း ပြောသည်။

''ကျနော် ပန်ဆန်း (ဝ'မြို့တော်) က ရတဲ့ သတင်းတွေအရ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ အဆိုပြုချက်ကို လက်ခံလိုက်တယ် ဆိုတာမျိုး သဘောတူ လိုက်ပြီ ဆိုတာမျိုး မကြားသေးပါဘူး'' ဟု ဦးစိန်ကြည်က ရှင်းလင်းပြောပြသည်။

''နှစ်ဖက်ကြား တင်းမာမှုကတော့ ကြီးတုန်းပဲ။ နှစ်ဖက်အကြား တရားဝင် ဆွေးနွေးနေတာမျိုးလည်း မရှိဘူး'' ဟု သူက ဆက်လက်ပြောဆိုသည်။

ဖုန်ကြားရှင် ခေါင်းဆောင်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA ကို စစ်အစိုးရက သြဂုတ်လအတွင်းက တိုက်ခိုက်ခဲ့ပြီးနောက် မုန်းလားအခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS) အပါအဝင် အခြားငြိမ်းချမ်းရေး တပ်ဖွဲ့မျာကိုလည်း အလားတူ တိုက်ခိုက်မှုများ ပြုလုပ်လာလိမ့်မည်ဟု အကဲခတ်များက ခန့်မှန်း တွက်ဆ ခဲ့ကြသည်။

သို့သော် စစ်အစိုးရ၏ အဆုံးစွန် ရည်မှန်းချက်မှာ အင်အား အကြီးဆုံးနှင့် သူတို့ စစ်အစိုးရ အုပ်ချုပ်မည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို ခြိမ်းခြောက်နေသည့် ဝ'တပ်ဖွဲ့ကို အလဲထိုးရေးပင် ဖြစ်သည်ဟု ဝေဖန် သုံးသပ်သူများက ပြောဆိုကြသည်။

စစ်အစိုးရ၏ အစီအစဉ်အရ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းရေးကို ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ အပြီး ပြုလုပ်ရမည် ဖြစ်သည်။

ဤသို့ အင်အားသုံး ဖိနှိပ်ဖြိုခွဲရုံဖြင့် တိုင်းရင်းသားလူမျိုးများ၏ မျှော်မှန်းချက်များကို အသံတိတ်သွားအောင် လုပ်နိုင်မည် မဟုတ်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

''ဝ တပ်ဖွဲ့ ခေါင်းဆောင်တွေက စစ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး သူတို့အဆိုပြုချက်ကို လက်ခံချင်တယ်ဆိုဦးတော့ ဝ'တွေက နောက်နာမည်တခုနဲ့ ပြန်ပေါ်လာပြီး သူတို့ ခုခံစစ်ကို ဆက်တိုက်ဦးမှာပဲ။ သူတို့ကို အသံတိတ်သွားအောင် လုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး'' ဟု သူက ဆက်လက် ပြောဆိုသည်။

ပေါက်ယူချန်း ခေါင်းဆောင်သော UWSA တပ်ဖွဲ့သည် ဗမာပြည် ကွန်မြူနစ်ပါတီမှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်တွင်ပင် ထိုအချိန်က စစ်အစိုးရ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည်။