မဇ္စျိမ ။ ။ ရန်ကုန်တိုင်းအတွင်းရှိ ကြွပ်ကြွပ်အိတ် စက်ရုံများအားလုံး နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး ပိတ်ပစ်ရတော့မည် ဖြစ်ကြောင်း ရန်ုကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး ဦးလှစိုးက ပြောသည်။
ကြွပ်ကြွပ်အိတ် စက်ရုံများကို ပိတ်ပင်ရန် ယခုလ ၆ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
ထိုသို့ ကြွပ်ကြွပ်အိတ် စက်ရုံများ ပိတ်ပစ်ရန် ကြိုတင် အကြောင်းကြားခဲ့ခြင်း မရှိဘဲ၊ အနားနီးမှ ကပ်အကြောင်းကြားခဲ့သဖြင့် စက်ရုံလုပ်ငန်းရှင် များ အနေဖြင့် ကြိုတင် ဝယ်ယူစုဆောင်းထားသော ကုန်ကြမ်းများ ဆုံးရှုံးမှုများနှင့် ကြံုတွေ့ရပြီး စက်ရုံ အလုပ်သမားများလည်း အလုပ်လက်မဲ့ ပြဿနာဖြင့် ကြံုတွေ့ရနိုင်သည် ဟု တောင်ဒဂုံစက်မှုဇုန်မှ ကြွပ်ကြွပ်အိတ်စက်ရုံ လုပ်ငန်းရှင်တဦးက ဆိုသည်။
“သူတို့က ရန်ကုန်မှ ကြွပ်ကြွပ်အိတ် မသုံးရဆိုပြီး တားမြစ်တာမျိုး မဟုတ်ပါဘူး။ ရန်ကုန်မှာရှိတဲ့ ကြွပ်ကြွပ်အိတ် စက်ရုံတွေ ပိတ်ပစ်ခိုင်းတာပါ။ အဲဒီတော့ တခြားမြို့တွေမှာ ကြွပ်ကြွပ်အိတ်ထုတ်ပြီး ဒီကိုပို့ရင် သုံးနေကြဦးမှာပါ။ အခုတော့ ရန်ကုန်မှာရှိတဲ့ စက်ရုံတွေ စီးပွားပျက်တာပေါ့” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။
“သူတို့က နိုဝင်ဘာ ၃၀ ရက်နေ့ ကျော်တာနဲ့ ကျနော်တို့စက်ရုံတွေကို မီးဖြတ်မယ်လို့ ပြောတယ်။ ပြီးတော့ ပိတ်ခိုင်းတာက တရားဝင် လိုင်စင် တင်ပြီး လုပ်နေတဲ့ စက်ရုံတွေကို။ ရန်ကုန်တမြို့လုံးမှာဆို အားလုံးပေါင်း ၁၅၀ လောက် ရှိတယ်။ တပိုင်တနိုင်လုပ်နေတဲ့ စက်ရုံအသေးလေး တွေက ဆက်ထုတ်နေဦးမှာပဲ” ဟု လုပ်သား ဦးရေ ၃၀ ကျော်ဖြင့် လည်ပတ်နေသော အဆိုပါ ကြွပ်ကြွပ်အိတ် စက်ရုံ ပိုင်ရှင်က ပြောသည်။
“ကြိုတင်ပြီး ကြောင်းကြားရင်တော့ ကောင်းတာပေါ့။ အခုတော့ ကျနော်တို့က နိုင်ငံခြားက ကော်စေ့တွေသွင်းပြီး စတော့လုပ်ထားတာတွေ ဘာသွားလုပ်ရမှာလဲ။ လုပ်ငန်းကတော့ ကျနော်တို့က တခြား ပလပ်စတစ်တွေလည်း ထုတ်တာဆိုတော့ ဆက်လည်ပတ်လို့ ရပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် မွှေးကော်အိတ်လုပ်ငန်းမှာ တာဝန်ရှိသူ တဦးက တယ်လီဖုန်းဖြင့် ဖြေကြားသည်။
စက်ရုံများကို ပိတ်ပင်ရာတွင် ပလပ်စတစ်အိတ် ထုတ်လုပ်သည့် စက်ရုံများ အားလုံးကို ပိတ်ပင်ခြင်းမဟုတ်ဘဲ ကြွပ်ကြွပ်အိတ်ထုတ်သည့် လုပ်ငန်းများကိုသာ ပိတ်ခိုင်းခြင်း ဖြစ်ကြောင်းနှင့် နှစ်မျိုးတွဲထုတ်လုပ်နေသော စက်ရုံများလည်း လတ်တလောတွင် ပိတ်ပစ်ရမည် ဖြစ်ပြီး၊ recycle ပြန်လုပ်နိုင်သော ပလပ်စတစ်အိတ်များကိုသာထုတ်လုပ်မည်ဆိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လုပ်ငန်း လိုင်စင် အသစ်တဖန် ပြန်လည် လုပ်ကိုင်ရမည် ဖြစ်ကြောင်း ဦးလှစိုးက ပြောသည်။
ရန်ကုန်မြို့တွင် နေ့စဉ် ပလပ်စတစ်စွန့်ပစ်မှု ပမာဏဟာ တနေ့လျှင် တန် ၂၀၀ နီးပါးရှိပြီး အခြားသတ္ထုနှင့် လျှပ်စစ်ပစ္စည်း စွန့်ပစ်မှုမှာ တန် ၁၅၀ နီးပါး ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏စာရင်းဇယားများအရ သိရသည်။
“ရန်ကုန်မှာ ကြွပ်ကြွပ်အိတ် သုံးစွဲမှု တားမြစ်သင့်နေတာကတော့ ကြာပါပြီ။ ဒီလိုမှ မဟုတ်ရင်ကျရင် မြို့က အမှိုက်ပုံသာသာ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်တဲ့နေရာမှာ ဘယ်သူမှ အခက်မတွေ့အောင် လုပ်ထုံးလုပ်နည်း မှန်မှန်ကန်ကန်နဲ့ ချဉ်းကပ်ဖို့တော့ လိုတာပေါ့” ဟု မြန်မာနိုင်ငံ သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း FREDA မှ တာဝန်ရှိသူတဦးက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် ကြွပ်ကြွပ်အိတ် သုံးစွဲမှုကို ယခုနှစ် ဇွန်လ ၂၂ ရက်နေ့က စတင်ကာ ဥပဒေထုတ် တားမြစ်ခဲ့ပြီး အစိုးရရုံးစိုက်ရာ နေပြည်တော် တွင်လည်း ယခုလဆန်းပိုင်းမှ စတင်ကာ ကြွပ်ကြွပ်အိတ် မသုံးစွဲရေး နှိုးဆော်ချက်များ လိုက်လံ ကြေညာနေပြီဟု နေပြည်တော် မြို့ခံများက ပြောသည်။
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော် ပုဂံတွင်လည်း ကြွပ်ကြွပ်အိတ် ကင်းစင်ရေး မြို့တော်အဖြစ် သတ်မှတ်နိုင်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာတွင် လုပ်ထုံးလုပ်နည်းများ လာရောက်လေ့လာခဲ့သည်ဟု မန်း စည်ပင် ဝန်ထမ်းတဦးက ဆိုသည်။