နယူးဒေလီ (မဇ္စျိမ)။ ။ ပင်လုံစာချုပ်ပါ တိုင်းရင်းသားများနှင့် ဗမာလူမျိုးများအကြား တန်းတူအခွင့်အရေးကို စစ်အစိုးရအနေဖြင့် အသိအမှတ်ပြုသင့်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက KIO အဖွဲ့အနေဖြင့် နအဖ စစ်ဗိုလ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သည့်စာတွင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ တန်းတူအခွင့်အရေးမျိုးကို လက်ခံပါက KIO သည် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မလိုအပ်ဘဲ စစ်အစိုးရထံ လက်နက်ချမည်ဟု ရေးသားချက်အပေါ် KIO အတွင်းရေးမှူး ဒေါက်တာလဂျာက ယခုလို ထပ်မံ ပြောဆိုခြင်း ဖြစ်သည်။
“ပင်လုံစာချုပ်ကို ပြန်ပြောရတာက အဲဒါကတော့ မြန်မာနိုင်ငံတော် ပြည်ထောင်စုကိစ္စကို ပြန်ပြီး စဉ်းစား နိုင်အောင်လို့ပါ။ ပြည်ထောင်စု ဖြစ်လာတယ်ဆိုတာက၊ ပြည်ထောင်စုကို အသိအမှတ်ပြုရင် ပြုရမှာပေါ့။ ပင်လုံကြောင့် ဖြစ်လာတာကိုး” ဟု KIO ဌာနချုပ် အခြေစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ဒေါက်တာလဂျာက ပြောသည်။
“စာပို့တာက ဆွေးနွေးဖို့ဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။ နားလည်၊ စဉ်းစားပေးနိုင်ဖို့ဆိုတဲ့ သဘောပါ။ သူတို့ဘက်က တု့ံပြန်မှု ဘယ်လို လာမယ်၊ မလာဘူးဆိုတာ ကျနော်တို့ မပြောနိုင်သေးဘူး။ သူတို့နဲ့ပဲ ဆိုင်တယ်” ဟု သူက ဆိုသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်းနှင့် ရှမ်း တိုင်းရင်းသားလူမျိုး ခေါင်းဆောင်များသည် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးကို အခြေခံပြီး လူမျိုးများ တန်းတူရေး အာမခံသည့် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။
KIO က တန်းတူရေးကိစ္စ အလေးပေးနေချိန်တွင် ရှမ်းပြည်နယ် လောက်ကိုင်အခြေစိုက် ကချင် လွတ်မြောက်ရေး တပ်မတော် - KIA ၏ တပ်မဟာ ၄ ကို စစ်တပ်လက်အောက်တွင် တပ်ဖွဲ့ငယ် ၃ ခုဖွဲ့စည်းကာ ထားရှိရန်နှင့် အကယ်၍ လက်မခံပါက တပ်ဖွဲ့ကို နယ်မြေအတွင်းမှ ဆုတ်ခွာရန် ဖိအားပေးနေကြောင်း ထိုင်းအခြေစိုက် ကချင်သတင်းဌာနက ယနေ့ ထုတ်ပြန်ရေးသားထားသည်။
သို့သော် တပ်မဟာ ၄ ကို ထိုကဲ့သို့ ဖိအားပေးခြင်းနှင့် အကြောင်းကြားခြင်း မရှိကြောင်း ဒေါက်တာလဂျာက ပြောသည်။
“အဲဒါက ကျနော်တို့ကို မပြောပါဘူး။ အပြင်က စကားထွက်တာပါ။ တပ်မဟာ ၄ ကို ဆုတ်ဖို့ ကျနော်တို့ကို စာနဲ့ တရားဝင် အကြောင်းကြားတာ မရှိပါဘူး။ တပ်မဟာ ၄ နဲ့ ပတ်သက်လို့ ဘာမှ ပြဿနာ မရှိပါဘူး” ဟု သူက ပြောသည့်အပြင် KIO နှင့် နအဖ စစ်တပ်များအကြား တစုံတရာ တင်းမာမှု မရှိဟု ဆိုသည်။
အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို ယခုလ ၃၁ ရက် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရက ပြောဆိုခဲ့သော်လည်း KIO က လက်မခံဘဲ၊ ကချင်ဒေသ လုံခြံုရေးတပ်ဖွဲ့ - KRGF အဖြစ် ထားရှိလိုကြောင်း တုံ့ပြန်ပြောဆိုထားသည်။
“သူတို့ဘက်က ဘယ်လိုလာမယ်ဆိုတာကို ကျနော်တို့ စောင့်ကြည့်နေတယ်။ နအဖ ဘက်က တု့ံပြန်မှုကဗျာ၊ အကောင်းပဲ မျှော်လင့်တာ။ ကျနော်တို့က ပြောထားတယ်ဗျာ။ အသွင်ကူးပြောင်းရေးကို လက်ခံတယ်ဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးချမ်းစွာနဲ့ အဖြေရှာကြဖို့ရာ ဖြစ်ပါတယ်” ဟု ဒေါက်တာလဂျာက ပြောဆိုကာ၊ KIO နှင့် နအဖ စစ်တပ်အကြား စစ်ရေးနှင့် ဖြေရှင်းရန် KIO က မလိုလားဟု ဆိုသည်။
တပ်အသွင်ပြောင်းရေးအတွက် လိပ်ခဲတည်းလည်း ဖြစ်နေသော်လည်း စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် KIO ခေါင်းဆောင်ပိုင်းအတွင်း ပြီးခဲ့သည့်လ ပထမပတ်အတွင်း ရှိခဲ့သည်။
KIO ဒုဥက္ကဋ္ဌ ဒေါက်တာတူးဂျာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးသည် ယခုအခါ ကချင်ပြည်နယ် တိုးတက်သော ပါတီ KSPP ဖွဲ့စည်းရန် စိုင်းပြင်းနေသည်။
ထို့အပြင် ကချင်လက်နက်ကိုင် အဖွဲ့ငယ်တခုဖြစ်သည့် အပစ်ရပ် ဒီမိုကရေစီသစ် တပ်မတော် - ကချင် NDA (K) ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်ခံခဲ့ပြီးဖြစ်သည်။