EU သံတမန်များ၏ အချက်အလက်ရှာ ခရီးစဉ်တွင် ကြံ့ဖွ့ံနှင့်လည်း တွေ့

EU သံတမန်များ၏ အချက်အလက်ရှာ ခရီးစဉ်တွင် ကြံ့ဖွ့ံနှင့်လည်း တွေ့
by -
ဆလိုင်းပီပီ
အချက်အလက် ရှာဖွေရေး ခရီးစဉ် တစိတ်တပိုင်း အနေဖြင့် ဥရောပ သမဂ္ဂ EU ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ...

နယူးဒေလီ (မဇ္ဈိမ)။     ။ အချက်အလက် ရှာဖွေရေး ခရီးစဉ် တစိတ်တပိုင်း အနေဖြင့် ဥရောပ သမဂ္ဂ EU ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း USDA နှင့် ပြီးခဲ့သည့် အပတ်က တွေ့ဆုံခဲ့သည်။

သံတမန် သတင်းရပ်ကွက်များနှင့် စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတို့၏ ရေးသား ပြောကြားချက်များအရ ထိုင်းနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးမှ Lennert Linner နှင့် ရန်ကုန်နှင့် ဥရောပ အခြေစိုက် ဥရောပသံတမန်များသည် USDA အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရှိရခြင်း ဖြစ်သည်။

''ဦးဌေးဦးက USDA က ဆောင်ရွက်နေသော နိုင်ငံတော်နှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ တိုင်းပြည်တွင်း ဖြစ်ပေါ်လျက်ရှိသော လတ်တလော နိုင်ငံရေး အခြေအနေများလည်း ဆွေးနွေး ပြောကြားခဲ့သည်'' ဟု သတင်းစာတွင် ရေးသားထားသည်။

ဘန်ကောက်ရှိ ဆွီဒင်သံရုံးက အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် ငြင်းဆိုလိုက်ပြီး၊ မြန်မာနိုင်ငံသို့ ၅ ရက်ကြာခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် EU ဒေသဆိုင်ရာ သံအမတ်ကြီး ဒေးဗစ်လစ်မင်း David Lipman က ဘန်ကောက်တွင် အင်္ဂါနေ့က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်ကြီးများအကြား၌ စိတ်သဘောထား ပြောင်းလဲလာသည်ကို သူ တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။

''အစိုးရက အရင်ထက်စာရင် ပိုပြီးပူးပေါင်းဆောင်ရွက်မှု ရှိလာတယ်လို့ ကျနော်ထင်ပါတယ်။ အခြေခံအားဖြင့် ဆွေးနွေးပြောဆိုလို့ ရပါတယ်'' ဟု လစ်မင်းကို ကိုးကားပြီး သတင်းများက ရေးသားဖော်ပြကြသည်။

ယခုလ ၁၄ ရက်နေ့ကလည်း အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များနှင့် ပါတီဌာနချုပ်ရှိရာ ရွှေဂုံတိုင်လမ်းရှိ ရုံးတွင် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် NLD ၏ စစ်အစိုးရက ကျင်းပရန် စီစဉ်ထားသော ၂၀၁၀ ရွေးကောက်ပွဲပေါ် သဘောထား၊ ဒေါ်အောင်ဆန်းစုကြည်၏ ပူးပေါင်းဆောင်ရွက်မှု၊ ပိတ်ဆို့အရေးယူမှုများနှင့် စပ်လျဉ်းသည့် အချက်အလက်ရှာဖွေမှုများ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုနေမှုများသည် NLD က အာဏာခွဲဝေရေးအတွက် တောင်းဆိုနေခြင်း ဟုတ်မဟုတ် စသည့် အချက်များကို ကိုယ်စားလှယ်အဖွဲ့က NLD ကို မေးမြန်းဆွေးနွေးခဲ့သည်။

အစည်းအဝေး တက်ရောက်ခဲ့သူ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပါတီအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် သဟဇာတရှိစွာ လက်တွဲဆောင်ရွက်လိုပြီး၊ အာဏာကို တောင်းဆိုနေခြင်း မဟုတ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုရခြင်းသည် ပြည်သူလူထု၏ ဆန္ဒကို ထင်ဟပ်နိုင်ရန်နှင့် မြန်မာနိုင်ငံသားများ၏ တန်းတူရည်တူရှိမှုနှင့် အခွင့်အရေးများကို အာမခံနိုင်ရန်အတွက်ဖြစ်ကြောင်း မဇ္ဈိမကို ရှင်းလင်း ပြောပြခဲ့သည်။

သို့သော် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး သုံးသပ်လေ့လာသူ ဦးဝင်းမင်းကမူ EU ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ ရုပ်သေးရုပ် အဖွဲ့အစည်းဟု အများက သိထားကြသော ကြံ့ဖွ့ံအဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းသည် EU သံတမန်များနှင့် စစ်အစိုးရကြား အပေးအယူပြုလုပ်လိုသည့် သဘောဖြစ်နိုင်ကြောင်းနှင့် သူတို့ကို NLD အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခွင့်ပေးခဲ့ကြောင်း ပြောကြားသည်။

''ဒါ စစ်အစိုးရနဲ့ EU အကြား အပေးအယူလုပ်တာမျိုး ဖြစ်နိုင်ပါတယ်'' ဟု ဦးဝင်းမင်းက ပြောသည်။

''NLD အဖွဲ့ဝင်တွေနဲ့ တွေ့ခွင့်ပေးဖို့ စစ်အစိုးရကို ချဉ်းကပ်ပြောဆိုရင် သူတို့ကို ကြံ့ဖွံ့အဖွဲ့နဲ့ တွေ့ဖို့လည်း စစ်အစိုးရက ပြောမှာပဲ'' ဟု သူက ဆက်ပြောသည်။

USDA ကို ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ တနိုင်ငံလုံးတွင် အဖွဲ့ဝင်ပေါင်း ၂၄ သန်းခန့်ရှိကာ မြန်မာနိုင်ငံတွင် အကြီးမားဆုံး လူထုအခြေပြု အသင်းအဖွဲ့ဖြစ်သည်ဟု စစ်အစိုးရက ပြောသည်။ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဤအဖွဲ့၏ နာယက ဖြစ်သည်။

USDA သည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေပုံရသည်ဟု လေ့လာအကဲခတ်သူများက ပြောကြားသည်။ သို့သော် ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေး ပါတီတရပ်အဖြစ် အသွင်ပြောင်းလဲဖွဲ့စည်းမည်လော၊ သီးခြားပါတီတရပ် ဖွဲ့စည်းမည်လော ဆိုသည်ကိုမူ သဲကွဲစွာ မသိရသေးဟု ဆိုသည်။

''EU ကိုယ်စားလှယ်အဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲအပေါ် ကြံ့ဖွ့ံအဖွဲ့ရဲ့ သဘောထားကိုလည်း သိချင်ပုံရတယ်'' ဟု ဦးဝင်းမင်းက ပြောသည်။

စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူထားမှုများ ဆက်လက်ထားရှိပြီး တချိန်တည်းတွင် စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံသည့် မူဝါဒသစ်ကို ပြောင်းလဲကျင့်သုံးသွားမည်ဟု အမေရိကန်က ပြီးခဲ့သည့်ထဲတွင် ကြေညာပြီးကတည်းက EU ကလည်း သူတို့၏ ရပ်တည်ချက် သဘောထားကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန် အချက်အလက် ရှာဖွေမှုများ ပြုလုပ်နေကြောင်းနှင့် အားလုံးပါဝင်သည့် ချောမွေ့သော အသွင်ကူးပြောင်းရေးတခု မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစေရေးအတွက်ဖြစ်ကြောင်း NLD ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် EU သံတမန်များက ပြောကြားခဲ့သည်။

ယခုနှစ် ဧပြီလဆန်းကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုကို EU က သက်တမ်းတိုးခဲ့သေးသည်။ ယင်းကို ၁၉၉၆ ခုနှစ်က စတင်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် လန်ဒန်အခြေစိုက် ဘားမားကင်ပိန်းယူကေကမူ EU အတွင်း၌ ပိတ်ဆို့အရေးယူမှုနှင့် စပ်လျဉ်းပြီး ကြာမြင့်စွာကတည်းကပင် သဘောကွဲလွဲမှုများ ရှိနေခဲ့ကြောင်းနှင့် ဂျာမဏီ အပါအဝင် နိုင်ငံအများအပြားက ပိတ်ဆို့အရေးယူမှုကို သဘောမကျကြဘဲ၊ ဗြိတိသျှခေါင်းဆောင်သည့် အခြားနိုင်ငံများကမူ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများအတိုင်း လိုက်လုပ်လိုကြသည်ဟု ပြောသည်။

ဤသို့ သဘောထားကွဲပြားနေကြသော်လည်း သူတို့၏ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု စာရင်းတွင် သြဂုတ်လ ၁၁ ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်အပြစ်ပေးခဲ့သည့် တရားသူကြီး အဖွဲ့ဝင်များကိုလည်း ထပ်မံထည့်သွင်း အရေးယူခဲ့သည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံသို့ လူသားချင်းစာနာသည့် အကူအညီများပေးရေးကိုမူ EU က လမ်းကြောင်းတရပ် ဖွင့်မြဲဖွင့်ထားဆဲ ရှိသည်။ မြန်မာနိုင်ငံသို့ ပေးအပ်နေသော လူသားချင်းစာနာသည့် အကူအညီအဖြစ် စားဝတ်နေရေးနှင့် စားနပ်ရိက္ခာ လုံခြံုမှုရံပုံငွေ (Livelihoods and Food Security Trust Fund - LIFT) အတွက် ယူရို ၃၅ သန်း ပေးအပ်ကူညီမည်ဟု EU က အင်္ဂါနေ့က ကြေညာခဲ့သည်။

''ဒီရံပုံငွေက မြစ်ဝကျွန်းပေါ်ဒေသ၊ အခြားဒေသတွေက ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ဖြစ်မယ်လို့ ထင်ပါတယ်'' ဟု ရန်ကုန်အခြေစိုက် အနောက်တိုင်း သံတမန်တဦးက မဇ္ဈိမကို ပြောသည်။

''ဒီတခါတော့ တနိုင်ငံလုံးကို လွှမ်းခြံုမိအောင် ကျနော်တို့ ကြိုးစားထားပါတယ်'' ဟု သူက ဆက်ပြောသည်။

Most read this week