နယူးဒေလီ (မဇ္စျိမ)။ ။ ၂၁ ရာစုတွင် အချိန်အကြာဆုံး နေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ၌ တွေ့မြင်ရမည်ဖြစ်ရာ မြန်မာ့ခရီးသွား အေဂျင်စီများအနေဖြင့် အုပ်စုလိုက် နိုင်ငံခြား ခရီးသွားများ လာကြည့်နိုင်ရေးအတွက် ခရီးစဉ်များ ရေးဆွဲရန် နောက်ကျနေပြီဟု ခရီးသွားအေဂျင်စီများက ဆိုသည်။
ယခုလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းက နိုင်ငံခြား ခရီးသွားများ လာကြည့်နိုင်ရန် ခရီးစဉ်များ ရေးဆွဲနိုင်ကြောင်း အေဂျင်စီများသို့ ထုတ်ပြန် ကြေညာခဲ့ရာ၊ အုပ်စုလိုက် ခရီးသွားများအတွက် ပြင်ဆင်ရန် အချိန်နှောင်းနေသဖြင့် တဦးချင်းအတွက်သာ ဖြစ်နိုင်တော့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
“Package Tour (အုပ်စုလိုက် ခရီးစဉ်) က တနှစ်လောက် ကြိုတင် ပြင်ဆင်ရတာပါ။ တဖက်က Tour အော်ပရေတာတွေ လက်မှတ်ကြိုတင်ရောင်း၊ ဘုတ်ကင်တွေ လုပ်ရမယ်။ ဒီဘက်မှာလည်း ချိတ်ပေါ့။ အခုသိတဲ့အချိန်မှာ တော်တော် နောက်ကျနေပြီ။ FIT (Foreign Independent Tour)တဦးချင်းစီလောက် လာမယ့်ဟာပဲ မျှော်ရမှာ” ဟု ရန်ကုန်ရှိ နာမည်ကြီး ခရီးသွားလုပ်ငန်း အေဂျင်စီတခု၏ Package Tour ယူနစ်မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ နိုင်ငံခြားခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် Asia Wave Travel နှင့် Nice Fair ကုမ္ပဏီတို့မှ တာဝန်ရှိသူများအနေဖြင့် နေကြတ်မှုဖြစ်စဉ်အတွက် Package Tour ကြိုတင်ပြင်ဆင်ရန် အကြောင်းကြားမှုပင် မရရှိသေးကြောင်း ပြောဆိုကြသည်။
မြန်မာ့ခရီးသွားလုပ်ငန်း၏ အထူးရာသီ လများဖြစ်သည့် အောက်တိုဘာလမှ ဧပြီလအတွက် Package Tour လာရာက်လိုသူများအတွက် ပြီးခဲ့သည့်နှစ် အထူးရာသီလများတွင် ရောင်းချခဲ့သည့် စျေးနှုန်းများအတိုင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းနှင့် နေကြတ်မှုဖြစ်စဉ်အတွက် အထူးစျေးနှုန်းများ လျော့ချခြင်း၊ တိုးမြှင့်ခြင်းများ မရှိကြောင်း သိရသည်။
နေကြတ်မှုဖြစ်စဉ်ကို လာမည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အလယ်ပိုင်းဒေသ မုံရွာနှင့် ရွှေဘိုမြို့ အပါအဝင် အထင်ကရမြို့များဖြစ်သည့် ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန္တလေးတောင်နှင့် စစ်ကိုင်းတောင် စသည့် မြို့နယ် ၁၇ မြို့နယ်တွင် တွေ့မြင်ရမည်ဖြစ်သည်။ နေကြတ်မှုဖြစ်စဉ်ကို နံနက်ပိုင်း ၈ နာရီခွဲ ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ်ကြာ မြင်တွေ့ရမည်။
မြန်မာနိုင်ငံ နေကြတ်မှုဖြစ်စဉ်ကို လာရောက်ကြည့်ရှုမည့် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် အရေအတွက် နည်းနိုင်ကြောင်း အေဂျင်စီများက ဆိုသည်။
“တခြားနိုင်ငံတွေမှာလည်း ဒီနေကြတ်တာကို မြင်ရမှာဆိုတော့ တခြားနိုင်ငံတွေကိုပဲ ရွေးချယ်ဖို့ များပါတယ်။ သူတို့မှာက ဒီကိစ္စအတွက် စျေးကွက်ဗျူဟာတွေ အများကြီးလုပ်နိုင်တယ်။ ဒါကြောင့် မြန်မာပြည်လာဖို့တော့ သိပ်မထင်ဘူး” ဟု အမည်မဖော်လိုသူ ခရီးသွားအေဂျင်စီက တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။
မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန စာရင်းများအရ ၁၉၉၂ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်မှာ ဦးရေ ရ သိန်းခွဲထက် နည်းကြောင်း သိရသည်။
၂၀၀၆ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ၆ သိန်းခန့် လာရောက်မည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် ရွှေဝါရောင် သံဃာ-လူထု လှုပ်ရှားမှုအပြီးနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်မှုအပြီးတွင် လာရောက်လည်ပတ်သူ အရေအတွက်မှာ သိသာစွာ ကျဆင်းခဲ့သည်။
၂၀၀၈ ခုနှစ်အတွင်း ဧည့်သည်ပေါင်း ၂ သိန်း ၆ သောင်းကျော် ဝင်ရောက်လာခဲ့ပြီး၊ ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၆၅ သန်းရှိကြောင်း မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ထုတ်ပြန်ချက် စာရင်းက ဆိုသည်။
ဝန်ကြီးဌာနက မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုတိုးမြှင့် လုပ်ဆောင်သည့် အနေဖြင့် ယခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း ကျင်းပမည့် စင်္ကာပူနှင့် လန်ဒန်ခရီးသွား ပြပွဲများကို မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခြင်းဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းကို ဆွဲဆောင်သွားမည်ဟု ပြီးခဲ့သည့်လ ၁၆ ရက်နေ့တွင် မြန်မာ့ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး ကော်မတီ MMC က ဆိုသည်။
စင်္ကာပူနိုင်ငံတွင် ယခုလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ၃ ရက်ကြာ ပြုလုပ်မည့် ITB Asia 2009 ခုနှစ် ခရီးသွားပြပွဲကို မြန်မာနိုင်ငံမှ MAI ခေါ် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အပါအဝင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီ ၁၁ ခု တက်ရောက်မည်ဖြစ်သည်။
“စင်္ကာပူမှာရှိတဲ့ MAI ရုံးခွဲကနေ ပြပွဲကို သွားမှာပါ။ လောလောဆယ် ပြေးဆွဲနေတဲ့ နိုင်ငံတကာ ခရီးစဉ်တွေ မလေးရှား၊ စင်္ကာပူ၊ မကြာခင်က အသစ်ဖွင့်လိုက်တဲ့ ဗုဒ္ဓဂါယာ ခရီးစဉ်တွေကို သွားရောက်ပြသမှာ ဖြစ်ပါတယ်။ ရလဒ်ကတော့ MAI အနေနဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီလိုခရီးစဉ်တွေ ရှိတယ်ဆိုတာ အသိပေးနိုင်တာပါ” ဟု MAI မှ စျေးကွက် စီမံခန့်ခွဲရေး တာဝန်ခံ ဒေါ်အေးမြသာက မဇ္စျိမကို ပြောသည်။
အလားတူ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်များကို အက်ဒမန်ပင်လယ်ရှိ St.Luke ကမ်းခြေနှင့် မြန်မာနိုင်ငံ တောင်ဘက်ရှိ မြိတ်ကျွန်းစုတွင် အပမ်းဖြေဟိုတယ်များကို အဆင့်မြင့် တိုးချဲ့ဆောက်လုပ်မည့်အပြင်၊ ဧရာဝတီတိုင်းရှိ ငွေဆောင်ကမ်းခြေအထိ လေကြောင်းခရီးဖြင့် သွားနိုင်ရန် ရေးဆွဲနေသည်။
မြန်မာ့ခရီးသွား လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်နေသော်လည်း ၂၀၁၀ ခုနှစ်တွင် ယခင်ကဲ့သို့ပင် ပုံမှန်လည်ပတ်ရန် မဖြစ်နိုင်သေးကြောင်း ခရီးသွား ကုမ္ပဏီတချို့က ဆိုသည်။
“၂၀၀၇၊ ၂၀၀၈ ထက်စာရင်တော့ ၂၀၁၀ တော့ နည်းနည်း တက်လာနိုင်ပါတယ်။ ဒါပေမဲ့ ခရီးသွား ကုမ္ပဏီတွေအနေနဲ့က destination marketing (မြန်မာပြည်ကို ပိုသိအောင်) လုပ်ဆောင်နိုင်ဖို့ဆိုတာ အားနည်းနေပါသေးတယ်” ဟု ထိုအမည်မဖော်လိုသူ ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဆိုသည်။
“ပုံမှန်အတိုင်း ဆက်ပြီး ထိန်းထားနိုင်တာပဲ ရှိတယ်။ ဒီ့ထက်တိုးလာဖို့တော့ sector အများကြီးနဲ့ ဆိုင်တယ်” ဟု သူက ဆက်ပြောသည်။