မဇ္စျိမ (ချင်းမိုင်) ။ ။ အာဆီယံ ၁၆ နှစ်အောက် အမျိုးသမီးဘောလုံးပွဲတွင် ဆုမရခဲ့ခြင်းသည် ခန္ဓာကိုယ် သေးငယ်မှုနှင့် အတွေ့အကြံု နုနယ်မှုကြောင့် ဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က ပြောလိုက်သည်။
ရန်ကုန်တွင် ယခုလ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ အိမ်ရှင်အဖြစ် ကျင်းပခဲ့သော အမျိုးသမီးဘောလုံးပွဲတွင် မြန်မာက A နှင့် B ဟူ၍ နှစ်သင်း ယှဉ်ပြိုင်ခဲ့သော်လည်း ဆုတဆုမှ မရခဲ့ဘဲ အဆုံးသတ်ခဲ့သည်။
“လူကောင်အပိုင်းမှာ သြစတြေးလျားဆိုရင် လူကောင်က သူတို့ထက် ၂ ဆလောက်ရှိတယ်။ ထိုင်းဆိုရင်လည်း ပါဝါက ပိုကောင်းတယ်။ ပြိုင်ပွဲအတွေ့အကြံု ကျနော်တို့ထက် ပိုများတာကိုး။ ကျနော်တို့ ခလေးတွေက အတွေ့အကြံုနည်းတော့ ကိုယ့်အိမ်ကွင်း၊ ကိုယ့်ပရိတ်သတ်ရှေ့မှာ အနိုင်ရလိုစိတ်တွေ များပြီးတော့ စိတ်လောပြီးတော့ ဖိအားဒဏ်တွေကြောင့်လည်း ရှုံးသွားတာဖြစ်တယ်” ဟု MFF မှ ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက မဇ္စျိမကို ပြောသည်။
ယခုလ ၁၀ ရက်နေ့တွင် အောင်ဆန်းကွင်း၌ အုပ်စု-(ခ)မှ ယူ ၁၆ မြန်မာအမျိုးသမီးအသင်း-B သည် ဗီယက်နမ်ကို ၅-၀ ဂိုးဖြင့် လည်းကောင်း၊ ၁၄ ရက်နေ့က သုဝဏ္ဏကွင်း၌ သြစတြေးလျားကို ၁၂-၀ ဂိုးဖြင့် လည်းကောင်း ရှုံးနိမ့်ခဲ့ပြီးနောက် အုပ်စုအဆင့်၌ပင် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
အုပ်စု-ကမှ ယူ ၁၆ မြန်မာအမျိုးသမီးအသင်း-A သည်လည်း ယမန်နေ့က တတိယနေရာလုပွဲတွင် ဗီယက်နမ်ကို သုဝဏ္ဏကွင်း၌ ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ယခင်က အရှေ့တောင်အာရှ ဘောလုံးလောကတွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့ ထိပ်ဆုံးက ပြေးနေသော်လည်း ယမန်နှစ်မှစ၍ ပါဝင်လာသည့် သြစတြေးလျားအသင်းကို အနိုင်ရရန် မလွယ်ကူတော့ခြင်း ဖြစ်ကြောင်း အားကစား ကလောင်ရှင် ခင်မောင်ထွေးကပြောသည်။
“အရင်တုန်းက အရှေ့တောင်အာရှမှဆိုလို့ရှိရင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ် ထိပ်ဆုံးပေါ့။ မလေးရှားတို့ စင်္ကာပူတို့ အင်ဒိုနီးရှားတို့ကတော့ ဆီမီးဖိုင်နယ် တန်းဝင်တွေပေါ့။ သြစတြေးလျား ဝင်လာတဲ့အခါကြတော့ သူတို့က ၁၆ နှစ်အောက် ဆိုပေမယ့် လူကောင်တွေက ထွားတာပေ့ါဗျာ။ ဥရောပ လူမျိုးတွေဆိုတော့။ ကစားတဲ့ ပွဲတိုင်းလဲ ဂိုးတဒါဇင်အထက်ပဲ သွင်းနိုင်တယ်။ ဂိုးအနည်းဆုံးသွင်းခဲ့တာ ဗီယက်နမ်ကို ၅ ဂို်းသွင်းခဲ့တယ်။ သူတို့အနေနဲ့ စုစုပေါင်း ၅ ပွဲ ကစားသွားတာမှာ တဂိုးပဲ ပြန်အသွင်းခံလိုက်ရတယ်။ အဲဒါက မြန်မာအသင်းက သွင်းသွားတာ” ဟု သူက မဇ္စျိမကို ပြောသည်။
မြန်မာ (A) အသင်းသည် အုပ်စု (က) တွင်းရှိ အင်ဒိုနီးရှားအသင်းကို ၈ ဂိုး။ မလေးရှားကို ၁၅ ဂိုး တို့ဖြင့် ဂိုးပြတ် အနိုင်ယူခဲ့သော်လည်း ထိုင်းအသင်းနှင့် ကစားသည့်ပွဲတွင် အနိုင်ရရှိအောင် ကစားနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ရမှတ်တူသော်လည်း ဂိုးအရေအတွက် ကွာခြားသဖြင့် မြန်မာ (A) အသင်းက အုပ်စု ဒုတိယအနေဖြင့် အကြိုဗိုလ်လုပွဲသို့ အသီးသီး တက်ခဲ့သည်။
ထိုင်းအသင်းမှာ အုပ်စု (က) အတွင်းတွင် အင်ဒိုနီးရှား အသင်းကို ၁၅ ဂိုး၊ မလေးရှားအသင်းကို ၁၇ ဂိုး မြန်မာအသင်းနှင့် ဂိုးမရှိသရေ ကစားခဲ့ပြီး မြန်မာနှင့် သရေ စုစုပေါင်းရမှတ် ရ မှတ်၊ ရဂိုး ၃၂ ဂိုးဖြင့် အုပ်စု ပထမဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။
ထိုင်းအသင်းသည် ဗိုလ်လုပွဲတွင် သြစတြေးလျားအား ၈-၀ ဖြင့် ရှုံးနိမ့်သွားပြီး ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း အသန့်ရှင်းဆုံး အသင်းဆုကို ရရှိခဲ့သည်။