မဇ္စျိမ (ချင်းမိုင်)။ ။ စစ်အစိုးရက မကြာသေးမီက တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ တွင် ဆဌမမြောက် တရုတ်-မြန်မာနယ်စပ် စီးပွားရေးဇုန် အသစ်တခု ဖွင့်လှစ်တော့မည် ဖြစ်သည်။
စီးပွားရေးဇုန်အသစ်ကို ကိုးကန့်ဒေသမြို့တော် လောက်ကိုင်နှင့် ၁၃ ကီလိုမီတာခန့် အကွာရှိ ရန်လုံကျန်း မြို့နယ် အတွင်း၌ တည်ဆောက်မည် ဖြစ်ပြီး ဒေသတွင်း၌ ချင်းရွှေဟော်ဇုန် ပြီးလျင် ဒုတိယမြောက် ဇုန် ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။
သို့သော် နေပြည်တော် အခြေစိုက် နယ်စပ်ကုန်သွယ်ရေးရုံးမှ အရာရှိတဦးကမူ လောက်ကိုင်ဒေသ ဖွ့ံဖြိုးရေးအတွက် ရည်ရွယ်သော ယင်းစီမံချက်အား အထက်သို့ တင်ပြထားပြီး ခွင့်ပြုချက် မကျသေးကြောင်း ပြောသည်။
“လောလောဆယ် တင်ပြထားတုန်းပဲ ရှိပါသေးတယ်ခင်ဗျာ။ အထက်က ခွင့်ပြုမိန့် မရသေးပါဘူး ခင်ဗျာ။ အဆောက်ဦး အနေနဲ့လဲ ဘာမှ မဆောက်ရသေးပါဘူး။ ဘယ်နေရာမှာ ဖွင့်မယ်ဆိုတာကတော့ လူကြီးတွေ လမ်းညွန်တဲ့ အတိုင်းပါပဲ။ စခန်းဖွင့်ဖို့နဲ့ တည်ဆောက်ဖို့တို့က ဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ လောက်ကိုင်ဒေသ ဖွံ့ဖြိုးရေးအတွက်ပါ” ဟု သူက မဇ္စျိမကိုပြောသည်။
ယင်းစီးပွားရေးဇုန် အသစ်တည်ဆောက်မည့် လောက်ကိုင်၊ ကိုးကန့်ဒေသသည် လားရှိုး၊ ကွတ်ခိုင် နှင့် သိန္နီမြို့နယ်တို့နှင့်လည်း ဆက်စပ်နေကြောင်း ဆင်ဟွာကဖော်ပြသည်။
ကိုးကန့်ဒေသသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ Zhenkang၊ Gengma၊ Mengding နှင့် Longling ဒေသများနှင့် နယ်စပ်ချင်း ဆက်စပ်နေ ကြောင်းသိရသည်။
တရုတ်-မြန်မာ ကုန်သွယ်ရေးဇုန် ၅ ခု အား ၁၉၉၈ ခုမှစ၍ တည်ဆောက်ခဲ့ပြီး မူဆယ်၊ လွယ်ကျယ်၊ လိုင်ဇာ၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့ ဖြစ်သည်။
ကိုးကန့်ဒေသတွင် ယခုနှစ် သြဂုတ်လကုန်ပိုင်းက ဥက္ကဌဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့် အထူးဒေသ (၁) ခေါ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အဖွဲ့အတွင်း အကွဲအပြဲများဖြစ်ပွားကာ စစ်အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နအဖတပ်များက ထိုဒေသ ကို ထိန်းချုပ်ထားလိုက်သည်။
ယင်းနောက် ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီကို ဖွဲ့စည်း၍ စစ်အစိုးရ လိုလားသော ယခင်ဒုဥက္ကဋ္ဌ ပိုင်စိုချိန်က ခေါင်းဆောင်နေသည်။
မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ထုတ်ကုန်၊ ရေထွက်ကုန်၊ သတ္တု၊ ရာဘာ ဆက်စပ်ပစ္စည်းများ တင်ပို့ပြီး ယူနန်ပြည်နယ်မှ စက်ပစ္စည်း၊ အဝတ်အထည်၊ ဓာတုပစ္စည်း၊ စတီးနှင့် ဆေးပစ္စည်းများ ပြန်လည် တင်သွင်းခြင်း ဖြစ်သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏမှာ ၂၀၀၈ ခုတွင် အမေရိကန်ဒေါ်လာ သန်းသုံးထောင်ကျော် ရှိပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ သန်းနှစ်ထောင်ခန့် ရှိကြောင်း ဆင်ဟွာသတင်း တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှောင်းပိုင်းမှ ယခုအထိ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု အမေရိကန် ဒေါ်လာ သန်းတထောင်ကျော်ရှိနေပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စာရင်းတွင် နံပါတ် ၄ အဆင့် တွင် ရှိနေသည်။