မဇ္စျိမ (ချင်းမိုင်) ။ ။ စပါးခင်းများကို ကြွက်များ ဝင်ရောက် သောင်းကျန်းမှုက ရခိုင်ပြည်နယ်တွင်းသို့လည်း ကူူးစက် ဝင်ရောက်နေရာ တောင်ကုတ်မြို့နယ်တွင်းရှိ ကျေးရွာများမှ ဒေသခံများ စားနပ်ရိက္ခာ ရှားပါးလာနေသည်။
သံတွဲခရိုင် တောင်ကုတ်မြို့နယ်မှ ရခိုင်ရိုးမပေါ်ရှိ ရပ်တော်မူ၊ စလူ၊ ညောင်လန်ဒိုး၊ ဒိုးနွေစမ်း (စုစုပေါင်း အိမ်ခြေ ၃၀၀ ခန့်) စသည့် ကျေးရွာများမှ ချင်းတိုင်းရင်းသားများ၏ စပါး၊ ရွှေဖရုံ၊ သခွား၊ ငြုတ်သီး၊ ခရမ်း စသည့် ရာသီပေါ် သီးနှံများကို ယခုနှစ် ဇူလိုင်လမှစ၍ ကြွက်များ ဝင်ရောက် စားသောက်နေကြခြင်း ဖြစ်သည်။
“ကြွက်တွေက ဝါးသီးတွေကို လာလာစားရင်းနဲ့ တောင်ယာမှာ စပါးလည်း တခုတောင်မကျန်ဘူး။ သခွားသီး ဆိုလို့ရှိရင် ဒီနှစ်ဆို တစ်လုံးတောင်မှ မစားရဘူး။ မနှစ်က နည်းနည်းပါးပါး စားရတယ်။ ရွှေဖရုံသီး၊ သခွားသီး ဆိုလည်း တခုတောင်မှ မရတော့ဘူး။ ဖြစ်တာဆိုလို့ ငြုတ်သီးနဲ့ ခရမ်းသီးပဲဖြစ်တယ်” ဟု ညောင်လန်ဒိုးရွာခံ တဦးက မဇ္စျိမကို ပြောသည်။
ကြွက်များမှာ တကောင်လျှင် ငါးဆယ်သားခန့်ရှိပြီး ညဘက်တွင် အုပ်စုလိုက် ယာခင်းများထဲသို့ ဝင်ရောက် စားသောက်ခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့ပေါ်တွင် စျေးဝယ်ရောက်ရှိနေသူ စလူရွာသား တဦး ကပြောသည်။
ယခုတောင်ယာခင်းများ ပျက်စီးမှုဖြစ်ပွားရာ ဒေသသည် ယမန်နှစ်က ကြွက်များ သောင်းကျန်း၍ စားနပ်ရိက္ခာရှားပါးမှု အကြီးအကျယ် ကြံုခဲ့ရသည့် နေရာတခုဖြစ်သော ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆက်စပ်လျက်ရှိသည်။
“တကောင်လာရင် အုပ်စုလိုက်လာတာလေနော့။ တညတည မရေနိုင်လောက်အောင်လာတယ်။ တုတ်နဲ့ ရိုက်တာတောင်မှ တညကို အကောင် ၈၀-၁၀၀ လောက်တောင် ရိုက်လို့ရတယ်။ သူတို့က ညဘက်မှ လာကြတာ နေခင်းဘက် မတွေ့ရဘူး” ဟု သူက မဇ္စျိမကိုပြောသည်။
ဒေသခံများမှာ ရိုးရိုးဆန်တအိတ်ကို ၁၃၀၀၀ ကျပ်ဖြင့် တောင်ကုတ်မြို့မှ ဝယ်ယူစားသုံးနေကြရပြီး ကြွက်များကြောင့် တောင်ယာခင်းများလည်း ပျက်စီးကုန်သဖြင့် ဝင်ငွေရရှိရန်နှင့် ဟင်းစားအတွက် ငါးရှာခြင်း၊ အမဲလိုက်ခြင်းဖြင့် မြို့ပေါ်သို့ တက်ရောင်းခြင်းတို့ကို လုပ်ဆောင်နေကြရသည်။
ကြွက်များသောင်းကျန်းခြင်းကိုခံရသော ရွာများသို့ တောင်ကုတ်မြို့ပေါ်ရှိ ခရစ်ယာန်နှင့် ဗုဒ္ဒဘာသာ ဘာသာရေးအသင်း အဖွဲ့များက ဆန်အပါအဝင် အခြား အစားအသောက်အချို့ကို သွားရောက် ကူညီပေးလျက် ရှိကြောင်းလည်း သိရသည်။
ချင်းပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ကြွက်များသောင်းကျန်းသဖြင့် လူပေါင်း သိန်းနှင့်ချီ၍ အစား အစာ ပြတ်လပ်မှု ကြံုခဲ့ရသည်။
မြန်မာနို်င်ငံ မြောက်ပိုင်းစွန်းဒေသ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင်းရှိ ကျေးရွာ ၆၀ ကျော်တွင်လည်း တောင်ယာ စပါးခင်းများကို စပါးဖျက်ပိုးများနှင့် ကြွက်များက ဖျက်စီးနေ၍ အနည်းဆုံး လူ ၄ ထောင်စာ စားနပ်ရိက္ခာလိုအပ်မှု ဖြစ်ပေါ်နေသည်။