တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲ ကျင်းပမည်

တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲ ကျင်းပမည်
by -
မျိုးကြီး
၉ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ် ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်းရှိ ကျယ်ဂေါင်မြို့၌ လာမည့် ဒီဇင်ဘာလဆန်းတွင် ၅ ရက်ကြာ ကျင်းပသွားမည် ဖြစ် ...

ရွှေလီ (မဇ္စျိမ) ။      ။ ၉ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ် ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်းရှိ ကျယ်ဂေါင်မြို့၌ လာမည့် ဒီဇင်ဘာလဆန်းတွင် ၅ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

ဒီဇင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ကျယ်ဂေါင်မြို့ရှိ နိုင်ငံတကာ အခမ်းအနားနှင့် ပြပွဲများ ကျင်းပရာ ICEC အဆောက်အဦးတွင် ကျင်းပ မည် ဖြစ်ရာ၊ ပြပွဲ ကျင်းပနေစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်စီးပွားဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဟု တေဟုန်ပြည်နယ်ခွဲ အစိုးရဝဘ်ဆိုဒ်၌ ဖော်ပြထားသည်။

တရုတ်နှင့် မြန်မာ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ စီမံကိန်းများ တိုးမြှင့်ဆောင် ရွက်ရေး လက်မှတ်ရေးထိုးခြင်း၊ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီအဖွဲ့ ဆွေးနွေးပွဲများအပြင် တောင်အာရှနှင့် အရှေ့တောင်အာရှ သွင်းကုန်ထုတ်ကုန်ပြပွဲ ဆက်သွယ် ဆောင်ရွက်မှုများ ပြုလုပ််သွားကြမည် ဖြစ်သည်။

ကျယ်ဂေါင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် နယ်စပ်ချင်းကပ်လျက် တည်ရှိသည်။ ထို့အပြင် ယူနန်ပြည်နယ်ရှိ ရှမ်းနှင့် ကချင် လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တေဟုန်ပြည်နယ်ခွဲ အတွင်းရှိ ရွှေလီမြို့ ပရဝုဏ်အတွင်း ပါ၀င်သော နယ်စပ်မြို့လေး ဖြစ်သည်။

ယူနန် ကုန်သွယ်ရေးဌာနနှင့် တေဟုန်ပြည်နယ်ခွဲ အစိုးရက ကုန်စည်ပြပွဲကို ဦးဆောင်ကျင်းပမည် ဖြစ်ရာ၊ မြန်မာဘက်မှ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းအဖွဲ့လည်း ပါ၀င်လုပ်ကိုင် သွားမည်။

တေဟုန်ပြည်နယ်ခွဲ၌ မြန်မာနိုင်ငံဆိုင်ရာ သွင်းကုန်ထုတ်ကုန် တန်ဖိုးသည် ၂၀၀၈ ခုနှစ်အတွင်း ယွမ်ငွေ သန်းပေါင်း ရ၆၀ ရှိခဲ့ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းပင် ရှိနေကြောင်း တရုတ်နိုင်ငံ CRI သတင်းဌာနက မကြာသေးခင်က ထုတ်ဖော် ပြောဆိုသည်။

၂၀၀၁ ခုနှစ်မှစတင်၍ ကုန်စည်ပြပွဲကို နှစ်နိုင်ငံနယ်စပ်မြို့များ ဖြစ်သော မူဆယ်နှင့် ကျယ်ဂေါင်တွင် တလှည့်စီ နှစ်စဉ် ကျင်းပလာခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ဖွင့်လှစ်ပြီး နောက်ပိုင်း အဆိုပါ ကုန်သွယ်ရေးဇုန်တွင် ပြောင်းလဲ ကျင်းပခဲ့သည်။

ပြီးခဲ့သည့်နှစ်က (၁၀၅) မိုင်တွင် အလှည့်ကျ ကျင်းပခဲ့ရာ သစ်အချောထည်ပစ္စည်းများ၊ ရေထွက်နှင့် သစ်တောထွက်များ၊ လယ်ယာထွက်ကုန် များ၊ ကျောက်မျက်ရတနာများ၊ တိုင်းရင်းဆေးဝါးများ၊ လက်မှု အနုပညာပစ္စည်းများ ခင်းကျင်း ပြသခဲ့သည်။