ကိုညီညီအောင် အမှု စတင် ကြားနာ

ကိုညီညီအောင် အမှု စတင် ကြားနာ
by -
မုံပီး
ထိန်းသိမ်းထားခြင်း ခံရသော မြန်မာပြည်တွင် မွေးဖွားသည့် အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင််၏ အမှုကို မင်္ဂလာဒုံမြို့နယ်တရားရုံးက ရန်ကုန်မြို့ရှိ နာမည်ဆိုးဖြင့် ကျော်ကြား ...

နယူးဒေလီ (မဇ္ဈိမ)။       ။ ထိန်းသိမ်းထားခြင်း ခံရသော မြန်မာပြည်တွင် မွေးဖွားသည့် အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင််၏ အမှုကို မင်္ဂလာဒုံမြို့နယ်တရားရုံးက ရန်ကုန်မြို့ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်အကျဉ်းထောင်တွင် ဗုဒ္ဓဟူးနေ့က စတင် ကြားနာသည်။

ရဲတပ်ဖွဲ့က တရားလို ပြုလုပ်ကာ စွဲချက်ဖတ်ပြခြင်းကို ကြားနာပြီးနောက် ယနေ့စစ်ဆေးမှုကို ရပ်နားလိုက်ပြီး နောက်တကြိမ် ရုံးချိန်းကို အောက်တိုဘာလ ၂၃ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း တရားဆိုင်၏ ရှေ့နေတဦး ဖြစ်သူ ဦးကြည်ဝင်း က မဇ္ဈိမကိုပြောသည်။

`ဒီနေ့တော့ တရားရုံးက လက်တွေ့ ဘာမှမလုပ်ပါဘူး။ တရားသူကြီးတွေက မင်္ဂလာဒုံမြို့နယ်က တရားသူကြီးတွေ။ နောက်ရုံးချိန်းပြောပြီး အမှုစစ်တာ နားလိုက်တာဘဲ´  ဟု ဦးကြည်ဝင်း ကပြောသည်။

မြန်မာနိုင်ငံဖွား အမေရိကန်လူမျိုးကို တရားလိုဘက်က လိမ်လည်မှု၊ ခရီးသွား စာရွက်စာတန်းများ အတုပြုလုပ်မှု တို့ဖြင့် စွဲဆိုထားကြောင်း ရှေ့နေက ပြောသည်။

`စွပ်စွဲခံရသူက လိမ်လည်မှုနဲ့ အတုပြုလုပ်မှု ကျူးလွန်ခဲ့တယ် ဆိုတာကို ပြတ်ပြတ်သားသား ငြင်းဆိုသွားပါတယ်´  ဟု ဦးကြည်ဝင်းက ဆက်လက် ပြောဆိုသည်။

ကိုကျော်ဇောလွင်သည် ဘန်ကောက်မြို့မှ ဝင်ရောက်လာစဉ် ရန်ကုန် နိုင်ငံတကာလေဆိပ်၌ စက်တင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခြင်း ခံခဲ့ရသည်။ စစ်အစိုးရ အာဘော် မြန်မာ့ အလင်းသတင်းစာကမူ သူသည် အစိုးရ ဆန့်ကျင်ရေး လုပ်ရပ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ခဲ့သည်ဟု အစောပိုင်းက စွပ်စွဲ ရေးသားထားသည်။

သူသည် မြန်မာနိုင်ငံတွင်းသို့ ၈ ကြိမ် ဝင်ရောက်လာခဲ့ပြီး တိုင်းပြည်တွင်း မငြိမ်မသက် ဖြစ်စေရန်အတွက် မြေအောက် တက်ကြွလှုပ်ရှားသူများ အား ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟုလည်း သတင်းစာက ရေးသားထားသည်။

ကိုညီညီအောင်သည် ကျောင်းသား တက်ကြွလှုပ်ရှားသူဟောင်းတဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်လူထု အုံကြွမှုကြီးကို စစ်တပ်က နှိမ်နင်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ သူသည်နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သည်။