နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တင်းမာမှု ကြီးထွားလာနေချိန်တွင် ကြည်းတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အဗ္ဗဒူမူဘင် (Abdul Mubin) သည် မြန်မာနယ်စပ်အနီး ဘန်ဒါဘင်ခရိုင် အလီကာဒမ် ဒေသသို့ ယမန်နေ့က လာရောက်ပြီး နယ်စပ် နောက်ဆုံးအခြေအနေများကို လာရောက်ကြည့်ရှုခဲ့သည်ဟု နယ်စပ် သတင်းရပ်ကွက်များက ပြောသည်။
ကြည်းတပ် ဦးစီးချုပ်သည် အဆိုပါဒေသသို့ ညနေ ၃ နာရီအချိန်တွင် ရှောင်တခင် လာရောက်၍ စစ်တပ်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည် ဟု ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် သတင်းရပ်ကွက်တခုက ပြောသည်။
''ကြည်းတပ် ဦးစီးချုပ်က မနေ့က အလီကာဒမ်ကို ရောက်လာပြီး ဒီဒေသတွင်း အခြေပြုနေတဲ့ စစ်တပ်အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးက တပ်တွေ ထပ်ဖြည့်ထားကြလို့ အခြေအနေက တင်းမာနေပါတယ်'' ဟု အဆိုပါ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။
မြန်မာဘက်က တင့်ကားများ၊ အမြောက်ကြီးများ၊ ဖရီးဂိတ် စစ်သင်္ဘောတစင်းနှင့် အခြား စစ်သင်္ဘော ၁၃ စင်း ထပ်မံနေရာယူ ချထားခဲ့ခြင်း ကြောင့် နှစ်နိုင်ငံကြား တင်းမာမှု အခြေအနေမှာ ပိုဆိုးလာခဲ့ကြောင်း ကာကွယ်ရေးဌာန သတင်းရပ်ကွက်များကို ကိုးကားပြီး ဒါကာ အခြေစိုက် ဒေးလီးစတား သတင်းစာက ယမန်နေ့က ရေးသားခဲ့သည်။ သီးခြား သတင်းရပ်ကွက်တခု အဆိုအရ ဘင်္ဂလားဒေ့ရှ် စစ်သား ရ၀၀ ခန့်သည် နှစ်နိုင်ငံနယ်စပ်သို့ အခြေစိုက်ရန် ယမန်နေ့က ရောက်ရှိလာကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်တပ်နှင့် ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး BMI တို့က သူတို့တွင် ပြောရေးဆိုခွင့် မရှိဟုဆိုပြီး လက်ရှိ အခြေအနေအပေါ် မှတ်ချက်ပေး ပြောကြားရန် ငြင်းဆန် ကြပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သူတို့တွင် အဆိုပါဒေသ၌ နယ်ခြားစောင့်တပ် BDR များ တပ်စွဲထားရှိပြီး ဖြစ်သော်လည်း နောက်ထပ် အနည်းဆုံး ကြည်းတပ် တပ်ရင်း ၄ ရင်း ထပ်မံချထားခဲ့သည်ဟု စစ်တကောင်းအခြေစိုက် Burma News Agency အယ်ဒီတာ ဦးတင်စိုးက ယနေ့ ပြောဆိုသည်။
''ဘင်္ဂလားဒေ့ရှ်ဘက်က အနည်းဆုံး ကြည်းတပ် တပ်ရင်း ၄ ရင်း ထပ်ချထားခဲ့တယ်။ မြန်မာဘက်ကလည်း တပ်ရင်း ၄ ရင်းကနေ ၅ ရင်း လောက်အထိ ထပ်ပြီးတော့ အင်အားဖြည့်တင်းထားတယ်လို့ ကျနော်တို့ရဲ့ သတင်းရပ်ကွက်တွေက ပြောပါတယ်'' ဟု သူက ပြောသည်။
ပုံမှန်အားဖြင့် စစ်တကောင်း ရေတပ်အခြေစိုက် စခန်းတွင် အခြေချထားလေ့ရှိသော ဘင်္ဂလားဒေ့ရှ် ဖရီးဂိတ် စစ်သင်္ဘောသည်လည်း ယခုအခါ ဒေသတွင်း ကင်းလှည့်စောင့်ကြပ်မှုများ ပြုလုပ်နေသည်ဟု သူက ဆိုသည်။
ဘင်္ဂလားဒေ့ရှ် ဖရီးဂိတ် စစ်သင်္ဘော BNS Abu Bakar သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေးအတွက် မြန်မာဘက်က ရေနံတူးစင်တစင် လာရောက်ချထားရန် ကြိုးပမ်းခဲ့သည့် အငြင်းပွား ရေပြင်အနီး ကင်းလှည့်နေသည်ဟု စစ်တကောင်းအခြေစိုက် ရေတပ်အရာရှိ တဦးကို ကိုးကားပြီး ဒေးလီးစတား သတင်းစာက ယနေ့ ရေးသားသည်။
ထိုအတောအတွင်း မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ် နယ်စပ်မြို့ မောင်တောတွင် နယ်စပ် ခြံစည်းရိုး ကာရံမှုများကို စတင်ပြုလုပ်နေသည်ဟု သတင်းရပ်ကွက်များက ဆိုသည်။
သို့သော်လည်း ယခုလို နှစ်ဖက်စစ်တပ်များ နယ်စပ်ဒေသတွင်း တင်းမာမှု ဖြစ်ပွားနေခြင်းသည် ရေပိုင်နက် ကိစ္စကြောင့် သော်လည်းကောင်း၊ နယ်စပ်ခြံစည်းရိုး ကိစ္စဖြင့် သော်လည်းကောင်း မည်သည့်ကိစ္စကြောင့်ဟူ၍ ပြောဆိုရန် ရှင်းလင်းစွာ မသိရသေးပါ။
(အချက်အလက်တချို့ကို ဒါကာအခြေစိုက် မဇ္စျိမသတင်းထောက် ငြိမ်းချမ်း ပေးပို့သည်။)