ဆွမ်းကပ်သူ အတိုက်အခံ အမျိုးသမီး ၄ ဦး အဖမ်းခံရ

ဆွမ်းကပ်သူ အတိုက်အခံ အမျိုးသမီး ၄ ဦး အဖမ်းခံရ
by -
မြင့်မောင်
သံဃာတော်များကို သီတင်းကျွတ်နေ့တွင် ဆွမ်းကပ်ခဲ့သည့် ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၄ ဦးအား အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် ယခုအခါ အင်းစိန်ထောင်တွင် ပုဒ်မ ၅ ည ဖြင့် ချုပ်နှောင် ထားကြောင်း သိရ...

နယူးဒေလီ (မဇ္စျိမ)။      ။ သံဃာတော်များကို သီတင်းကျွတ်နေ့တွင် ဆွမ်းကပ်ခဲ့သည့် ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၄ ဦးအား အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် ယခုအခါ အင်းစိန်ထောင်တွင် ပုဒ်မ ၅ ည ဖြင့် ချုပ်နှောင် ထားကြောင်း သိရသည်။

ယခုလ ၃ ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်း မကွေး ပရိယတ္တိ စာသင်တိုက်တွင် ဆွမ်းကပ်ပြီး ပြန်လာသည့် ဒေါ်နော်အုန်းလှ (မှော်ဘီ)၊ မမြင့်မြင့်စန်း (ဒလ)၊ မချိုချိုလွင်က (သင်္ဃန်းကျွန်း) နှင့် မချို (တောင်ဒဂုံ) ကို အထူး ရဲသတင်းတပ်ဖွဲ့က လမ်းတွင် ဖမ်းဆီးကာ စစ်ကြောရေး စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

၆ ရက်နေ့တွင်မူ နိုင်ငံရေးသမားများအား စွဲဆိုလေ့ရှိသည့် အရေးပေါ်စီမံချက် ပုဒ်မဖြင့် စတင် ချုပ်နှောင်ကြောင်း ယနေ့တွင် ထောင်ဝင်စာတွေ့ခဲ့ သူ မိသားစုဝင်များ အဆိုအရ သိရခြင်း ဖြစ်သည်။

“ဒီနေ့ တွေ့ခွင့်တော့ ရတယ်။ သူတို့ကို ကျောက်တန်း စစ်ကြောရေး စခန်းကနေ အင်းစိန်ထောင်ကို ပို့လိုက်တာ။ ပုဒ်မ ၅ ညနဲ့ ရမန် ယူထားတယ်။ ချုပ်လို့ရအောင် ရမန်ယူထားတဲ့ သဘောပေါ့၊ ၂ ပတ်ပေါ့။ ၆ ရက်နေ့ကနေစပြီး ရမန် ယူထားတာဆိုတော့ လာမယ့် ၁၉ ရက်နေ့မှာ ရမန်ပြည့်မယ်“ ဟု မချိုချိုလွင်၏ မိသားစုဝင်တဦးက မဇ္စျိမကို ပြောသည်။

“သီးသန့် တွေ့ခွင့်တော့ ရပါတယ်။ တွေ့ရတဲ့အခါ သူ့ဘက်မှာလည်း ရဲမေတယောက်၊ ကျနော့်ဘက်မှာလည်း ရဲမေတယောက်။ ပြောတာတွေကို မှတ်ယူတယ်။ သိပ်ပြီးတော့ ပြောရဆိုရတာ မလွတ်လပ်ပါဘူး” ဟု သူက ဆက်ပြောသည်။

ဒေါ်နော်အုန်းလှနှင့် မမြင့်မြင့်စန်း၏ မိသားစုဝင်များသည် ဝေးလံသည့်အတွက် လာရောက်နိုင်ခြင်း မရှိဘဲ၊ မချိုချိုလွင်နှင့် မချို၏ မိသားစုဝင်များ သာ ထောင်ဝင်စာတွေ့ဆုံပြီး၊ အားလုံးအတွက် လိုအပ်သည့် ပစ္စည်းများ ပေးသွင်းခွင့် ရခဲ့သည်။

အဖမ်းခံရသည့်နေ့သည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်သကဲ့သို့၊ သံဃာများက စစ်အစိုးရ အာဏာပိုင်များအား ဘာသာရေးအရ အဆက်အဆံ မပြုရန် စတင်လိုက်သော တတိယမြောက် ပတ္တနိကုဇ္ဇန ကံဆောင်သည့်နေ့ ဖြစ်သဖြင့် ယခုလို ထိန်းသိမ်း ချုပ်နှောင်ခြင်း ဖြစ်နိုင်ကြောင်း မိသားစုဝင်များက ခန့်မှန်းကြသည်။

၄ ဦးစလုံးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားတွင် အင်္ဂါနေ့တိုင်း ဝတ်ပြု ဆုတောင်းခဲ့သူများလည်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ ယခုလ ရ ရက်နေ့အထိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ၁၀၀ နီးပါး အဖမ်းခံခဲ့ရပြီး၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁၁၉ ဦး အကျဉ်းကျနေဆဲဖြစ်ကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) – AAPP (B) က ထုတ်ဖော်ပြောဆိုခဲ့သည်။

Most read this week