ဝ ' တပ်များအား နအဖ စစ်တပ်က သပ်လျှိုစည်းရုံးနေ

ဝ ' တပ်များအား နအဖ စစ်တပ်က သပ်လျှိုစည်းရုံးနေ
by -
ကျော်ခ
ရှမ်းပြည်နယ်မြောက်ပိုင်း အပစ်ရပ် ဝ' ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် - UWSA မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသရှိ ဝ'တပ် အရာရှိများကို နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး ...

မဇ္စျိမ (ချင်းမိုင်)။       ။ ရှမ်းပြည်နယ်မြောက်ပိုင်း အပစ်ရပ် ဝ' ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် - UWSA မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသရှိ ဝ'တပ် အရာရှိများကို နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးအတွက် နအဖ စစ်တပ်အရာရှိများက သပ်လျှို စည်းရုံးမှုများ ပြုလုပ်နေ ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ ကွမ်လုံနှင့် ဟိုပန်အခြေစိုက် နအဖ စကခ - ၁၆ လက်အောက်ခံတပ်ရင်း အရာရှိများမှတဆင့် ဝ’ တပ်များဖြစ်သော တပ်မဟာ ၃၁၈ (မိုင်းမိုင်ခရိုင်) နှင့် တပ်မဟာ ၄၆၈ (မိုင်းခန်မြို့နယ်) မှ ဝ’ အရာရှိတချို့အား ထိုကဲ့သို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။

“ဒီနေ့ ၈ ရက်နေ့ ဟိုပန်မှာ ဆွေးနွေးဖို့ ခေါ်ထားတယ်ပေါ့။  ဝ’ ထိန်းချုပ်နယ်မြေ မြောက်ပိုင်းဘက်မှာဆိုရင် ကွန်လုံ၊ ဟိုပန်ဘက် တပ်စိုက်တဲ့ အခြေစိုက်တဲ့ နအဖ တပ်တွေဟာ ၃၁၈၊ ၄၆၈ တပ်မဟာနယ်မြေ၊ အဲဒီမှာလည်း ဝ'တပ်မှူးတွေ ဝ' အရာရှိတွေကို ကြားလူကနေ ခေါ်တွေ့မယ်၊ ဆွေးနွေးမယ် ပြောထားတယ်လို့ ကြားတယ်ပေါ့” ဟု ဦးစိန်ကြည်က မဇ္စျိမကို ပြောသည်။

ဝ’ တပ်မတော်အကြား အကွဲအပြဲများ ဖြစ်စေရန် ရည်ရွယ်ပြီး ထိုင်းနယ်စပ်တလျှောက်ရှိ မိုင်းသို၊ မိုင်းခမ် အခြေစိုက် ဝ’ တပ်အချို့ကိုလည်း သပ်လျှို စည်းရုံးဖဲ့ထုတ်ရန် ကြိုးစားနေကြောင်း ဝ' အရေး လေ့လာစောင့်ကြည့်နေသည့် သူက ဆက်ပြောသည်။  

MNDAA ကိုးကန့်တပ်ကို စစ်အစိုးရတပ်များက တိုက်ခိုက်ပြီးနောက် တောင်ပိုင်း ဝ’ နယ် ၁၇၁ ဒေသအတွင်းရှိ ဝ' တပ်များသည် ယခင်ကထက် ပို၍ သတိရှိရှိ လှုပ်ရှားနေပြီး တပ်အင်အား ဖြည့်တင်းခြင်း၊ ရိက္ခာ ဖြည့်တင်းခြင်း၊ ညဘက် လှုပ်ရှားခြင်းတို့ကို ယခုလအစပိုင်းမှစ၍ လုပ်ဆောင် နေကြောင်း သိရသည်။

ဦးစိန်ကြည်က “တချို့ရွာတွေမှာဆိုရင် လက်နက်တွေဘာတွေ ထုတ်ပေးထားပြီးပြီ။ အဲဒါ သြဂုတ်လကုန်၊ စက်တင်ဘာ လဆန်းလောက် ကတည်းကပဲ။ အင်အားဖြည့်တင်း လာတာတွေ၊ လက်နက်တပ်ဆင်လာတာတွေ၊ လှုပ်ရှားမှုတွေ လုပ်လာတာတွေက ကိုးကန့်အရေးအခင်း နောက်ပိုင်းပေါ့” ဟု ပြောသည်။

စစ်အစိုးရတပ်များသည် ဝ' တို့၏ အမာခံဒေသများဖြစ်သော ဝ' နယ်မြေမြောက်ပိုင်း ဟိုပန်မြို့မှ မိုင် ၂၀ ခန့် ဝေးသည့် သံတုံးမြို့နယ် မိုင်းဆတ်မြို့ အနီးတဝိုက်နှင့် ဝ' နယ်မြေအလယ်ပိုင်း ကျိုင်းတုံအရှေ့မြောက်ပိုင်းသို့ လက်နက်ကြီးနှင့် သံချပ်ကာ ကားများဖြင့် အားဖြည့်ထား ကြောင်း သိရသည်။

စစ်ရေးအကဲခက်များ၏ ခန့်မှန်းချက်အရ ဝ’ တပ်မတော်တွင် အင်အား ၂ သောင်း ၅ ထောင်ကျော်ရှိပြီး ပြည်သူ့စစ် ၄ သောင်းခန့် ရှိကြောင်းနှင့် ပြည်သူ့စစ်ထဲတွင် ၃ ဦးလျှင် ၁ ဦးနူန်းမှာ ဝ’ တပ်သားဟောင်းများ ဖြစ်ကြောင်း ဦးစိန်ကြည်က ပြောသည်။

ထိုင်းနှင့် တရုတ်နယ်စပ်တို့တွင် ဆက်စပ်အခြေစိုက်ထားသည့် ဝ' တပ်ဖွဲ့များနှင့် နအဖ စစ်တပ်များအကြား တိုက်ပွဲများ ဖြစ်လာပါက ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင် ခရိုင်အတွင်းသို့ မြန်မာနိုင်ငံမှ ဒုက္ခသည် ၂ သိန်းကျော် ဝင်ရောက်လာနိုင် ကြောင်း ထိုင်းနိုင်ငံ နယ်စပ်လုံခြံုရေးအရာရှိများက တွက်ဆထားကြသည်။

Most read this week