ထိုင်းနိုင်ငံရှိ ကရင်စစ်ပြေး ဒုက္ခသည်များ ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြ

ထိုင်းနိုင်ငံရှိ ကရင်စစ်ပြေး ဒုက္ခသည်များ ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြ
by -
ကျော်ခ
ထိုင်း-မြန်မာနယ်စပ် တပ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ ယာယီဒုက္ခသည် စခန်းများတွင် ထိုင်းအာဏာပိုင်များက နေ့စဉ် စစ်ဆေးနေသဖြင့် နေရပ်ရင်း ပြန်ပို့ခံရမည်ကို ဒုက္ခသည်များ စိုးရိမ်နေ ...

မဇ္စျိမ (ချင်းမိုင်)။      ။ ထိုင်း-မြန်မာနယ်စပ် တပ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ ယာယီဒုက္ခသည် စခန်းများတွင် ထိုင်းအာဏာပိုင်များက နေ့စဉ် စစ်ဆေးနေသဖြင့် နေရပ်ရင်း ပြန်ပို့ခံရမည်ကို ဒုက္ခသည်များ စိုးရိမ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

နိုဘိုးနှင့် အူသူးထ စခန်းများရှိ ကရင်စစ်ပြေး ဒုက္ခသည်များအား ဒေသခံ ထိုင်းနယ်ခြားစောင့်တပ်က ပြီးခဲ့သည့်လ ၂၅ ရက်နေ့မှ စတင်၍ ဒုက္ခသည် ဟုတ်မဟုတ် နေ့စဉ် စစ်ဆေးမေးမြန်းခြင်းနှင့် စစ်ဆေးစဉ် ပိုင်ရှင်မတွေ့သည့် တဲ-နံပါတ်များကို ဖြုတ်သိမ်းခြင်းများ ပြုလုပ်နေရာမှ စိုးရိမ်နေကြရခြင်း ဖြစ်သည်။

“အိမ်နံပါတ်တွေ ဖြုတ်သွားတာကတော့ ၂၀ လောက် ရှိနေပြီ။ တချို့လူတွေကတော့ လန့်ပြီးတော့ ထွက်ပြေး သွားတာတွေ ရှိတယ်။ သူတို့ (ထိုင်းနယ်ခြားစောင့်တပ်) ကလည်း သူတို့သဘောနဲ့သူတို့ ဝင်သွားတယ်။ စစ်သွားတယ်။ ပြန်ထွက်သွားတယ်။ နောက်တနေ့ လာတယ်။ ဖြုတ်သွားတယ်။ ကျနော်တို့ကိုလည်း ဘယ်နှအိမ်ဖြုတ်သွားတယ်။ ဘယ်နှအိမ်ထွက်တယ်။ ဘယ်အိမ်က ဒုက္ခသည် မဟုတ်ဘူးဆိုတာ သူတို့ မပြောဘူး” ဟု နိုဘိုး ဒုက္ခသည်စခန်း အတွင်းရေးမှူး စောဂျစ်ပစီက မဇ္စျိမကို ပြောသည်။

ယင်းယာယီစခန်းများတွင် စစ်ပြေးဒုက္ခသည်မဟုတ်ဘဲ ထိုင်းနိုင်ငံတွင် နေထိုင်၍ မြန်မာနိုင်ငံဘက်ခြမ်းတွင် စိုက်ပျိုးမွေးမြူ လုပ်ကိုင်နေသူများ လည်း ဝင်ရောက်စာရင်းပေးသွင်းထားကြောင်း ထိုင်းနယ်ခြားစောင့်တပ်က သတင်းရသဖြင့် ယခုကဲ့သို့ စစ်ဆေးနေခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံမှာနေတဲ့ ကရင်တွေပဲ။ ဟိုးဘက် (မြန်မာနိုင်ငံ) က လာတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ဒီဘက် (ထိုင်း) မှာ နေပြီးတော့ ဟိုဘက်မှာ အလုပ်သွားလုပ်ကြတာပေါ့နော်။ တိုက်ပွဲတွေဖြစ်တဲ့ အခါကျတော့ ဒီဘက်မှာ ပြန်လာနေတယ်ပေါ့နော်။ ကျနော်တို့ကြားထဲကို သူတို့လာဝင်ပြီးတော့ ဒုက္ခသည်အနေနဲ့ သူတို့နေတယ်။ အဲဒါကို ထိုင်းဘက်က လူတွေက စုံစမ်းပြီးတော့ အပြင်ပြန်ထွက်ခိုင်းတယ်ပေါ့'' ဟု စောဂျစ်ပစီက ပြောသည်။

အူသူးထ ဒုက္ခသည်စခန်းတွင်လည်း အလားတူ စစ်ဆေးတားမြစ်မှုများကြောင့် ဒုက္ခသည်များ စိတ်သောက ရောက်နေကြရပြီး နေရပ်သို့ ပြန်ပါကလည်း အခက်အခဲများနှင့် ထပ်မံရင်ဆိုင်ရဦးမည်ကို ကြောက်လန့်နေကြကြောင်း အူးသူးထစခန်း စခန်းတာဝန်ရှိသူက ပြောသည်။  

“ထိုင်းအာဏာပိုင်တွေ လာတိုင်းလည်း ရပ်ရွာကို ပြန်ရဖို့အရေးပဲ ဖိအားပေးနေတဲ့ အခါကျတော့ ဒုက္ခသည်တွေကတော့ ကြောက်နေကြတာပေါ့။ ပိုက်ဆံကလည်း ဘာမှမရှိဘူး။ ကျွဲ၊ နွားတွေကလည်း ဘာမှလည်း မရှိတော့ဘူး။ ဟိုမှာက စစ်တပ်က ပေါ်တာဆွဲတယ်လေ။ ရိက္ခာ၊ လက်နက်၊ ခဲယမ်းမီးကျောက်တွေ သွားထမ်းပို့နေရတာကလည်း နေ့စဉ်လိုပေါ့” ဟု အူသူးထစခန်း တာဝန်ခံဟောင်း စောဘာတီဖိုးက မဇ္စျိမကို ပြောသည်။

နိုဘိုး ဒုက္ခသည်စခန်းတွင် သြဂုတ်လအထိ ဒုက္ခသည် ၂၀၀၂ ဦး ရှိရာမှ နီးစပ်ရာ အခြားနေရာများသို့ ထွက်ခွာသွားကြရပြီး ယခုအခါ ၁၁၉၀ ဦးသာ ကျန်ရှိတော့သည်။ အူသူးထစခန်းတွင်မူ လက်ရှိ အိမ်ထောင်စု ၃၀၄ စုမှ ၁၉၈၈ ဦး ရှိနေကြောင်း သိရသည်။

၎င်းဒုက္ခသည်များသည် KNU တပ်မဟာ ရ နယ်မြေ ဘားအံခရိုင်အတွင်းရှိ ပိုင်ကျုံနှင့် လှိုင်းဘွဲ့မြို့နယ်များမှ မဲ့လာအားခီး၊ မဲ့လာအားထာ၊ ဝါ့မီကလား၊ ထီးကဟော အစရှိသည့် ကျေးရွားများမှ ဒေသခံ ကရင်တိုင်းရင်းသားများ ဖြစ်ကြပြီး ယခုနှစ် ဇွန်လအစပိုင်းက စစ်အစိုးရနှင့် DKBA ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် လာရောက် ခိုလှုံနေကြခြင်း ဖြစ်သည်။

ယခင်လ ၁၈ ရက်နေ့ကလည်း အူသူးထစခန်းအတွင်းမှ ဒုက္ခသည် ၂ ဦး “မယ်ဥစု” ထိုင်းရွာသို့ စျေးဝယ် သွားရာ လမ်းခရီးတွင် နယ်ခြားစောင့် တပ်မှ ဖမ်းဆီး၍ မြဝတီ လူဝင်မှုကြီးကြပ်ရေး - လဝကရုံး အချုပ်ခန်းမှတဆင့် တဖက်ကမ်း မြဝတီသို့ ပိုဆောင်ခံခဲ့ရသေးကြောင်း သိရသည်။

ကရင်ဒုက္ခသည်ကော်မတီ KRC အတွင်းရေးမှူး (၁) ဆရာဂျော့က ယာယီစခန်းများ၌ ယင်းသို့ ဖြစ်ပျက်နေသည်ကို သတင်း မရရှိသေးသော် လည်း ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်နေခိုင်းရန်မှာ နယ်ခြားစောင့်တပ်များ၏ သဘောတခုတည်းနှင့် မဖြစ်နိုင်ဘဲ ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၏ သဘောတူညီချက် လိုအပ်သည်ဟု မဇ္စျိမကို ပြောသည်။

KNU အတွင်းရေးမှူး - ၁ ဗိုလ်မှူးစောလှငွေကမူ ထိုင်းနယ်ခြားစောင့်၏ ယခုလုပ်ရပ်မှာ ဒုက္ခသည်များအား နေရပ်ရင်း ပြန်စေရန် ဖိအားပေးပုံ ပေါက်နေကြောင်း ပြောသည်။ ထို့အပြင် ပွင့်လင်းရာသီ ထိုးစစ်အသစ်များ မဖြစ်ပေါ်မီ လတ်တလော အနေအထားတွင် ယင်းဒေသများမှ ဒုက္ခသည်များ အလုံးအရင်းဖြင့် ထပ်မံရောက်လာရန် အခြေအနေ မရှိသေးကြောင်း သူက ဆက်ပြောသည်။

ယင်းစခန်းများရှိ ဒုက္ခသည်များသည် ယာယီစခန်းများတွင် ဖြစ်သလို နေထိုင်ကြရပြီး Thailand Burma Border Consortium-TBBC (ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်များကို အကူအညီပေးနေသည့်အဖွဲ့) က စားသောက်ရေးအတွက် စီစဉ်ပေးသည်။

ကျန်းမာရေး ကုသစောင့်ရှောက်မှုကို အစိုးရမဟုတ်သော အဖွဲ့များ၊ ထိုင်းနှင့် မယ်တော်ဆေးခန်းမှ ကျန်းမာရေး ဝန်ထမ်းများက ကူညီပေးနေ ကြောင်း သိရသည်။

Most read this week