ပြည်ပရောက် သံဃာများလည်း ကံဆောင်သပိတ် ဆင်နွှဲသွားမည်

ပြည်ပရောက် သံဃာများလည်း ကံဆောင်သပိတ် ဆင်နွှဲသွားမည်
by -
မြင့်မောင်
ပြည်တွင်း သံဃာတော်များနှင့်အတူ နိုင်ငံတကာရောက် သံဃာတော်များကလည်း စစ်အာဏာပိုင်များအပေါ် သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ လုပ်ဆောင်သွားမည်ဟု သိရ ...

နယူးဒေလီ (မဇ္စျိမ)။    ။ ပြည်တွင်း သံဃာတော်များနှင့်အတူ နိုင်ငံတကာရောက် သံဃာတော်များကလည်း စစ်အာဏာပိုင်များအပေါ် သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ လုပ်ဆောင်သွားမည်ဟု သိရသည်။

မြန်မာပြည်တွင်းရှိ ရဟန်းသံဃာများအား ပံပိုးသည့်အနေဖြင့် နိုင်ငံတကာရောက် ရဟန်းတော်များကပါ သပိတ်မှောက် ကံဆောင်ပွဲများ မနက်ဖြန်တွင် ပြုလုပ်သွားမည်ဟု သိရခြင်း ဖြစ်သည်။

“ကံဆောင်ဖို့ လုပ်နေတယ်။ စစ်အစိုးရနဲ့ ပတ်သက်တဲ့ သံရုံးဝန်ထမ်းတွေရဲ့ သာရေးနာရေး ကိစ္စတွေအတွက် ဘာတခုမှ လုပ်ဆောင်ပေးမှာ မဟုတ်ဘူး။ ပတ်စ်ပို့ကိုင်တဲ့ သံဃာတွေလည်း သူတို့နဲ့ အဆက်အဆံ မလုပ်ကြဘူး” ဟု အမေရိကန်နိုင်ငံရှိ သာသနာ့ဥသျှောင် ခေါ် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် ပြောခွင့်ရ အရှင်စန္ဒောဘာသာစာရက မဇ္စျိမကို မိန့်တော်မူသည်။

မြန်မာသံရုံး ဝန်ထမ်းများ၏ သာရေးနာရေးကိစ္စများ၊ လှူဖွယ်ပစ္စည်းများကို လက်မခံရန်နှင့် အဆက်အဆံမပြုရန် ကံဆောင်သပိတ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သာသနာ့ဥသျှောင် အဖွဲ့ကြီးက ဆိုသည်။

“မြတ်စွာဘုရားက သံဃာတော်တွေရဲ့ လာဘ်လာဘကို ပိတ်ဆို့တာတို့၊ ရဟန်းတော်တွေကို နေရာမရအောင် ပိတ်ပင်တာ၊ ဘုရား တရား သံဃာတော်တွေကို ယုံကြည်မှုမဲ့အောင် ပြောဆိုလာလို့ရှိရင် သပိတ်မှောက် ကံထိုက်တယ်။ အဲဒါကြောင့် စစ်အစိုးရဟာ ဘုရားဟောတဲ့ ကံတွေကို ကျူးလွန်နေတဲ့အတွက် ဆက်လက် သပိတ်မှောက် ကံဆောင်သွားမယ်” ဟု အရှင်ဦးစန္ဒောဘာသာစာရက မိန့်တော်မူသည်။

အမေရိကန်အပြင် အိန္ဒိယနှင့် ထိုင်းနိုင်ငံရှိ သာသနာ့ဥသျှောင် အဖွဲ့ဝင်များပါ မနက်ဖြန်တွင် ကံဆောင်သွားမည်ဟု မဇ္စျိမက လတ်တလော သိရှိထားပြီး၊ ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင် သံဃာတော်များက ယမန်နေ့ကတည်းက ကံဆောင်မှု စတင်ခဲ့ကြောင်း သိရသည်။

၂၀၀၇ စက်တင်ဘာတွင် သံဃာများ ဦးဆောင်သည့် ရွှေဝါရောင် မေတ္တာပို့ဆုတောင်းပြပွဲများ မြို့နယ်အချို့တွင် ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက ပစ်ခတ်နှိမ်နင်းကာ ဖမ်းဆီးမှုများ ရှိခဲ့သည်။ ထို့အပြင် ရွှေဝါရောင်အပြီးတွင်လည်း ဘုန်းကြီးကျောင်းများအား သူပုန်စခန်းများကဲ့သို့ ဝင်ရောက်စီးနင်းကာ ထပ်မံဖမ်းဆီးမှုများ ပြုလုပ်လာခဲ့သည်။

ပြီးခဲ့သည့်လ ၂၂ ရက်နေ့တွင် အမေရိကန်ရှိ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ - Human Rights Watch ထုတ်ပြန်ချက်အရ ရွှေဝါရောင် လှုပ်ရှားမှုနှင့် ဆက်စပ်ကာ သံဃာအပါး ၂၄၀ ခန့်သည် အကျဉ်းထောင်များ၌ ဖမ်းဆီးခံထားရကြောင်း သိရသည်။

ထို့ကြောင့် သံဃာတော်များအပေါ် ကျူးလွန်ခဲ့သည်များအတွက် စစ်အစိုးရ အနေဖြင့် ယနေ့ နောက်ဆုံးထားကာ ဝန်ချတောင်းပန်ရန် ပြည်တွင်းပြည်ပရှိ သံဃာတော်အဖွဲ့များက မကြာသေးခင်က ကြေညာချက်များ ထုတ်ပြန်၍ တောင်းဆိုခဲ့ကြသည်။

တောင်းဆိုချက်အတိုင်း လိုက်လျောမှုမရှိပါက မနက်ဖြန် အောက်တိုဘာလ ၃ ရက်နေ့မှ စတင်ကာ အာဏာပိုင်များအား သပိတ်မှောက် ကံဆောင်မှုကို လုပ်ဆောင်သွားမည်ဟု ရာဇသံပေးထားသည်။

သို့သော်လည်း စစ်အစိုးရက ယနေ့အထိ မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့သည်အပြင် ရွှေဝါရောင် ၂ နှစ်မြောက် မတိုင်ခင် မြို့နယ်အချို့မှ သံဃာတော် ၁၀ ပါးထက်မက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သလို၊ မနက်ဖြန်တွင် ကျရောက်မည့် သီတင်းကျွတ်ပွဲတော် ကာလတွင် ပဝါရဏာပွဲ အပါအဝင် ဘာသာရေးအရ လုပ်ရိုးလုပ်စဉ် ပွဲလမ်းများအား ပိတ်ပင်ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။

ပဝါရဏာ (စိတ်နိုင်ခြင်း) ဆိုသည်မှာ ရဟန်းတော်များအနေဖြင့် သီတင်းကျွတ်ကာလတွင် သံဃာတော်များ စုဝေး၍ ကြားခြင်း၊ မြင်ခြင်း၊ ယုံမှားခြင်း စသည့် မှားယွင်းသော အပြစ်များရှိပါက အဆိုပါ အပြစ်များအား ကုစားပေးပါရန် သက်ကြီးဝါကြီး သံဃာတော်ကြီးများအား သံဃာငယ်များက ဝန်ချတောင်းပန်ခြင်းဖြစ်ကြောင်း သံဃာ့ဥသျှောင် (ထိုင်းနိုင်ငံဌာနခွဲ) အတွင်းရေးမှူး ဆရာတော် ဦးဧဿရိယ မိန့်တော်မူသည်။

အာဏာပိုင်များဘက်က မည်သို့သော ပိတ်ပင်ဟန့်တားမှုများ ပြုလုပ်သည်ဖြစ်စေကာမူ ကံဆောင်သပိတ်ကို ဆင်နွှဲသွားမည်ဟု မြန်မာပြည်တွင်း အခြေစိုက် သံဃာ့့တပ်ပေါင်းစု အဖွဲ့ကြီးမှ ပြန်ကြားရေးတာဝန်ခံ ဆရာတော် ဦးပညာဝံသက ဆိုသည်။

ဆရာတော်က “ဦးဇင်းတို့ကတော့ ဆက်လက်လုပ်သွားမယ်။ မနက်ဖြန် သိမ်တိုက်တွေထဲမှာ ဆက်လက်ကံဆောင်သွားမယ်။ သံဃာတွေ အကုန်လုံး သိမ်ကျောင်းတွေထဲမှာ စုပြီးတော့ ပဝါရဏာပွဲတွေ ဆက်လုပ်သွားမယ်။ သိမ်တိုက်တွေထဲမှာ ကမ္မဝါ ရွတ်ဖတ်မယ်” ဟု ပြောသည်။

“စက်တင်ဘာလတုန်းကလို လမ်းပေါ်ထွက် လမ်းလျှောက်ထားမျိုးတော့ မရှိသေးဘူး။ အချိန်အခါကို ကြည့်ပြီးတော့ ဆက်လက်လုပ်ဆောင်သွားမယ်။ အချိန်အခါပေးရင် ပေးသလို လမ်းပေါ်ထွက် လမ်းလျှောက်ဖို့အထိ လုပ်ဖို့ အစီအစဉ်ရှိတယ်။ ဥပမာ ၂ဝဝ၇ စက်တင်ဘာတုန်းကလို ကုန်စျေးနှုန်းတွေ ထပ်ပြီး တက်လာလို့ရှိရင် နောက်တကြိမ် ရွှေဝါရောင်လုပ်ရှားမျိုး ဖြစ်လာဖို့ ရှိတယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

Most read this week