တစည က တခြားပါတီများနှင့် ပူးပေါင်းရန် ဆန္ဒရှိ

တစည က တခြားပါတီများနှင့် ပူးပေါင်းရန် ဆန္ဒရှိ
by -
နန်းဒေဝီ
၂၀၁၀ ရွေးကောက်ပွဲကို မြန်မာ့ နိုင်ငံရေး အသွင် ကူးပြောင်းမှု အဖြစ် လက်ခံသည့် မည်သည့်ပါတီနှင့်မဆို ပူးပေါင်း လုပ်ဆောင်ရန် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ဆန္ဒရှိကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ...

နယူးဒေလီ (မဇ္စျိမ)။       ။ ၂၀၁၀ ရွေးကောက်ပွဲကို မြန်မာ့ နိုင်ငံရေး အသွင် ကူးပြောင်းမှု အဖြစ် လက်ခံသည့် မည်သည့်ပါတီနှင့်မဆို ပူးပေါင်း လုပ်ဆောင်ရန် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ဆန္ဒရှိကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်ဝင် တဦးက မဇ္စျိမကို ပြောသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) သည် မြန်မာ့ နိုင်ငံရေး အသွင် ကူးပြောင်းရေးကို အမျိုးသားရေး တာဝန်အဖြစ် ခံယူထားသဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အေးချမ်းစွာ ပါဝင် ယှဉ်ပြိုင်သွားမည့် မည်သည့် ပါတီများနှင့်မဆို လက်တွဲ လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“ပါတီပေါ်လစီတွေလည်း ဆွဲပြီး သွားပါပြီ။ အသွင် ကူးပြောင်းရေးကို လက်ခံ ကြိုဆိုပြီး တည်တည် ငြိမ်ငြိမ်နဲ့ ရွေးကောက်ပွဲဝင်မယ့် ဘယ်ပါတီ အဖွဲ့အစည်းမဆို ကျနော်တို့ ပါတီက ပူးပေါင်း လုပ်ဆောင်ဖို့ ဆုံးဖြတ် ထားပါတယ်” ဟု တစည-ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်ရွှေက မဇ္စျိမကို ပြောသည်။

တစည-ပါတီသည် ယခင်က အာဏာရှင်ဟောင်း ဦးနေဝင်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ၁၉၈၈ ခုနှစ်တွင် ဖျက်သိမ်းခံ ရပြီးနောက် အမည် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ထိုပါတီက ၂၀၁၀ ရွေးကောက်ပွဲ အကြို ပါတီစည်းရုံးရေး လုပ်ငန်းများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့်  ဧရာဝတီတိုင်းအပြင် ကယားပြည်နယ်တွင် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။

“ဝေးတဲ့နေရာတွေ ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ တနင်္သာရီ၊ ကချင်ပြည်နယ်တွေကို မိုးပါးတဲ့ အချိန်ကျရင် ပြန်စမယ်။ အခုတော့ ခဏရပ် ထားပါတယ်”  ဟု ဦးဟန်ရွှေက ပြောသည်။

ပါတီ တည်ထောင်ခဲ့သည့် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆိုင်ရာသတင်းစာ ရှင်းလင်းပွဲတရပ်ကို မနက်ဖြန်တွင် ပါတီဌာန ချုပ်ရုံး တည်ရှိရာ ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းတွင် ပြုလုပ်မည် ဖြစ်ပြီး၊ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားများကို ဖိတ်ကြား ထားသည်။

“ရွေးကောက်ပွဲ ကိစ္စကို အဓိကထား ပြီးတော့ လုပ်မယ်။ ပါတီရဲ့သဘောထား၊ တနှစ်စာ အစီရင် ခံစာတွေအပေါ် သတင်းထောက်တွေ သိလိုတဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ဖြစ်ပါတယ်။ အသေးစိတ်တော့ မနက်ဖြန်မှပဲ ပြောလို့ရမယ်” ဟု ဦးဟန်ရွှေက ပြောသည်။

တစည-အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်း ဥပဒေများ ထုတ်ပြန်ခြင်း မရှိသေးသဖြင့် မှန်းဆ လုပ်ဆောင် နေရကြောင်း သိရသည်။

ထို့အပြင် ပါတီအနေဖြင့် အခြားပါတီ အဖွဲ့အစည်းများနှင့် မဟာမိတ် ဖွဲ့ထားခြင်း မရှိသည့်အပြင် ကမ်းလှမ်းသည့် ပါတီလည်း မရှိသေးကြောင်း ဦးဟန်ရွှေက ပြောသည်။

တစည သည် ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈၅ နေရာ ရှိသည့်အနက် ၁၀ နေရာတွင် အနိုင်ရရှိခဲ့ကာ စတုတ္ထ အများဆုံး လွှတ်တော် ကိုယ်စားလှယ် ရရှိခဲ့သည့် ပါတီဖြစ်သည်။

ထိုရွေးကောက်ပွဲတွင် ၉၃ ပါတီ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဒုတိယ မဲအများဆုံး အနိုင်ရသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၃ နေရာ၊ တတိယ မဲအများဆုံး အနိုင်ရသည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၁၁ နေရာနှင့် အများဆုံး အနိုင် ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၃၉၂ နေရာ (၈၀ ရာခိုင်နှုန်းကျော်) ရွေးကောက်ခံ ခဲ့ရသည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၃၈၀ ဦး ယှဉ်ပြိုင် ခဲ့ကြခြင်း ဖြစ်သည်။

Most read this week