မဇ္ဈိမ (ချင်းမိုင်)။ ။ နေအိမ်၌ အကျယ်ချုပ် ကျခံထားရသူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သွေးပေါင်ချိန် ကျနေကြောင်း အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ထံ သူမ၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်း သွားရောက်၍ ကျန်းမာရေး စစ်ဆေးခွင့် ရရှိခဲ့ရာမှ သိလာရကြောင်း ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောဆိုခြင်း ဖြစ်သည်။
“မနေ့က ညနေပိုင်းလောက်မှာ ဆရာဝန်နဲ့ တွေ့လို့ ရတယ်။ ဆရာဝန် ပြောတာကတော့ ကျန်းမာရေး ကောင်းပါတယ်တဲ့။ ဒေါ်စုက သွေးပေါင်ချိန် ကျနေတယ်တဲ့” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနှင့် ကျန်းမာရေး စစ်ဆေးခွင့်ပြုရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်လ ၁၁ ရက်နေ့ကတည်းက အာဏာပိုင်များထံ တောင်းဆိုခဲ့ပြီးနောက် တလကျော်အကြာ ယမန်နေ့ကမှ ပထမဆုံးအကြိမ် ဆေးကုသခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း အမေရိကန် နိုင်ငံသား မစ္စတာဂျွန်ယက်တော ခိုးဝင်မှု စတင်ဖြစ်ပေါ်ခဲ့သည့်ကာလ မေလ ရ ရက်နေ့တွင် ဒေါက်တာတင်မျိုးဝင်းအား အာဏာပိုင်များက ထိန်းသိမ်းခဲ့ပြီး ၁၀ ရက်ခန့်အကြာ၌ ပြန်လည် လွှတ်ပေးခဲ့သည်။
မစ္စတာဂျွန်ယက်တောက ထိုကဲ့သို့ ဝင်ရောက်ခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက် သည်ဟုဆိုကာ မြောက်ပိုင်းခရိုင် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့သည်။
သို့သော် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြိုတင်ညွန်ကြားချက်ဖြင့် ထောင်ဒဏ် ထက်ဝက်လျှော့ကာ နေအိမ်အကျယ်ချုပ် ၁၈ လဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ကျခံနေရသည်။
ယခုလ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအယူခံကို ရန်ကုန်တိုင်း တရားရုံး၌ နှစ်ဖက်ရှေ့နေများ လျှောက်လဲခဲ့ပြီး လာမည့်လ ၂ ရက်နေ့တွင် ဆုံးဖြတ်မည်ဟု တရားရုံးက ချိန်းဆိုခဲ့သည်။
ယင်းရက်ချိန်းမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် သူမ၏ ရှေ့နေများက စီစဉ်နေကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။