ချင်းမိုင် (မဇ္ဈိမ)။ ။ ပူပူနွေးနွေး နိုင်ငံရေးပါတီတခုဖြစ်သော ဒီမိုကရက်တစ်ပါတီကို ထူထောင်သူတဦးဖြစ်သည့် ဦးသုဝေနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့အား ကြိုတင်အကြောင်းမကြားဘဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သဖြင့် အာဏာပိုင်များက ယနေ့ ခေါ်ယူသတိပေးလိုက်သည်။
ယခုလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော ၀ါရင့်နိုင်ငံရေးသမား နှစ်ဦး၏ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ မြို့နယ် အာဏာပိုင်ထံမှ ခွင့်ပြုချက် မယူခဲ့သဖြင့် ဥပဒေချိုးဖောက်သည်ဟုဆို၍ သတိပေး လက်မှတ်ရေးထိုးခိုင်းခြင်း ဖြစ်သည်။
“အဲဒီ သတင်းစာရှင်းလင်းပွဲက ဗဟန်းမြို့နယ်ထဲ ပါတယ်လေ။ ဒီနေ့ မယက ဥက္ကဋ္ဌက ကျနော်တို့ကို ခေါ်မေးတယ်။ ခေါ်တွေ့တယ်။ သူတို့က ဘာပြောလဲဆိုတော့ ဥပဒေအရ လူ ၅ ယောက်ထက် ကျော်ပြီး မတွေ့ရဘူး။ သူတို့ကို ကြိုတင်မပြောတဲ့ အတွက်ကြောင့် ဥပဒေအရ ကျနော်တို့ ဖောက်ဖျက်တယ်ပေါ့” ဟု ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြောသည်။
နောက်နောင် ၅ ဦးထက်ကျော်၍ စုဝေးမည်ဆိုလျှင် ကြိုတင်အကြောင်းကြားမည် ဖြစ်ကြောင်းနှင့် အမိန့်ကြိုတင် ရထားမှသာ စုဝေးမှုများပြုလုပ်မည်ဖြစ်ကြောင်း လက်မှတ်ထိုးခဲ့ရသည်။
ဦးသုဝေ၊ အမျိုးသားရေး ဦးဝင်းနိုင်တို့က “၂၀၁၀ မြန်မာ့နိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲ” အမည်ဖြင့် ရှင်းလင်းဆွေးနွေး ပွဲကို ရန်ကုန်မြို့ ဒေါ်လ်ဖင် စားသောက်ဆိုင်၌ ပြုလုပ်ခဲ့သည်။
ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးသုဝေ တာဝန်ယူပြီး ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ဝန်ကြီးချုပ် ဟောင်း ဦးဗဆွေ၏ သမီး ဒေါ်နေရီဗဆွေ၊ ဒုဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ ဦးဆောင်ပါဝင်ကြမည်ဟု ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသော်လည်း ပါတီဖွဲ့စည်းရေး၊ ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများ မကြေညာသေးပါ။
ပါတီဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဦးသုဝေက “ဘာဥပဒေနဲ့မှ ဖွဲ့တာမဟုတ်ဘူး။ အမှန်အတိုင်းက ဖွဲ့ခွင့်မရှိသေးဘူး။ ဒါပေမဲ့ သူတို့ ဥပဒေကို စောင့်နေရင် ကျနော်တို့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ အဲဒါကြောင့် အရေးယူလည်း ယူပေါ့။ ကိုယ့်အချင်းချင်းနဲ့ပဲ ဖွဲ့လိုက်တာ” ဟု ပြောသည်။
စစ်အစိုးရက အဓိက အတိုက်အခံ ပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား လွတ်လပ်စွာ နိုင်ငံရေး လှုပ်ရှားမှု မပေးသော်လည်း အဖွဲ့အစည်းအချို့ကိုမူ လွတ်လပ်စွာလှုပ်ရှား ခွင့်ပြုထားသဖြင့် မျှတမှုမရှိကြောင်း အန်အယ်ဒီက ယခုလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် စစ်အစိုးရ ၀န်ကြီးများကိုယ်တိုင်ပင် ၀င်ရောက်အရွေးခံရန် လျာထားခြင်းခံရသော မဲဆန္ဒနယ်များတွင် မဲဆွယ်စည်းရုံးမှုများ ရှိနေပြီး စစ်အစိုးရကို ယိမ်းယိုင်နေသည့် ပါတီနှစ်ခုမှာလည်း ဆိုင်းဘုတ်သစ်များ တင်ခွင့်ရနေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ပခုက္ကူမြို့၌ ယခုလဆန်းပိုင်းတွင် ဆိုင်းဘုတ်တင်နိုင်ခဲ့သည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုအုံကြွမှု နောက်ပိုင်းတွင် လူ ၅ ဦးထက် ပိုမစုရဟူ၍ စစ်အစိုးရက အမိန့်ထုတ်ပြန် ကြေညာ ခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များ ဆန္ဒဖော်ထုတ် မေတ္တာပို့ဆုတောင်းပွဲကာလတွင် အစိုးရက လူ ၅ ဦးထက် ပိုမစုရ အမိန့်ကို ထပ်မံကြေညာခဲ့သည်။