လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်ရန် ကျောင်းသားအဖွဲ့များ တိုက်တွန်း

လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်ရန် ကျောင်းသားအဖွဲ့များ တိုက်တွန်း
ရွှေဝါရောင် လှုပ်ရှားမှုမျိုး ထပ်မံ ပေါ်ပေါက်လာပါက ပြည်သူများအနေဖြင့် ပါဝင်ပူးပေါင်းရန် ပြည်တွင်းရှိ ကျောင်းသားအဖွဲ့ နှစ်ဖွဲ့က တိုက်တွန်း လိုက် ...

နယူးဒေလီ (မဇ္စျိမ)။     ။ ရွှေဝါရောင် လှုပ်ရှားမှုမျိုး ထပ်မံ ပေါ်ပေါက်လာပါက ပြည်သူများအနေဖြင့် ပါဝင်ပူးပေါင်းရန် ပြည်တွင်းရှိ ကျောင်းသားအဖွဲ့ နှစ်ဖွဲ့က တိုက်တွန်း လိုက်သည်။

ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပူးတွဲ၍ ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။

"အခုလက်ရှိ အကျဉ်းထောင်မှာ ဒုက္ခအမျိုးမျိုး ခံနေရတဲ့ သံဃာတော်တွေရဲ့မပြည့်ဝသေးတဲ့ ဆန္ဒကို ပြည်သူတွေနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးကောင်းကျိုးဟာ ပြည်သူလူထုတွေမှာလည်း တာဝန်ရှိတယ်" ဟု ဗကသ
မှပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က မဇ္စျိမကို ပြောသည်။

ကျောင်းသားနှစ်ဖွဲ့က ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင် သံဃာတော်များအပေါ်အာဏာပိုင်များက ဖမ်းဆီး နှိပ်စက်ရုံသာမက ဆက်လက်၍ ထိုသို့လုပ်ဆောင်နေသဖြင့် ရပ်တန်းက ရပ်ရန်၊ သံဃာတော်များအပေါ် အမှားအယွင်း များအတွက် ပြန်လည်တောင်းပန်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန် ကြေညာချက်ထဲတွင် တောင်းဆိုထားသည်။

အာဏာပိုင်များက ယခုလို ဆက်လက်လုပ်ကိုင်ပါက သီးခံမည်မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် သူတို့နှင့် ပူးပေါင်းရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

ကြေညာချက်ကို ရန်ကုန်၊ မန္တလေး၊ မတ္ထီလာ၊ မကွေး၊ မြင်းခြံ၊ တောင်ကြီး၊ စစ်ကိုင်း၊စစ်တွေ၊ မော်လမြိုင် အစရှိသည့် မြို့များ၌ လူစည်ကားသော နေရာများတွင် လိုက်လံဝေငှနေပြီး၊ ရန်ကုန်ရှိ တာမွေစျေး၊ နန္ဒဝင်စျေး၊ အင်းစိန်စျေး၊
မြေနီကုန်း (မနက်ပိုင်းစျေး)၊ မြောက်ဥက္ကာလာပ အစရှိသောမြို့များတွင်လိုက်ဝေနေသည်ဟု  ကိုဇာနည်က ဆိုသည်။

ရန်ကုန် တာမွေစျေးမှ ဆန်ဆိုင်တဆိုင်မှ အမျိုးသမီးတဦးက “မနေ့က လူငယ်ပိုင်းလေးတွေပေါ့။ အန်တီတို့ ဆိုင်နားကို ကြေညာစာ လာဝေတယ်။ ဒါပေမဲ့ နိုင်ငံရေးစာဖြစ်နေလို့ အန်တီ မယူရဲလို့ မယူလိုက်ဘူး” ဟု မဇ္စျိမကို ပြောသည်။

ကြေညာချက်ကို အွန်လိုင်းနှင့် အီးမေးလ်များတွင်လည်း အများသိစေရန် ဖြန့်ဝေမှုများလည်း ရှိခဲ့သည်။

ပြည်တွင်းရှိ သံဃာ့တပ်ပေါင်းစုမှ တာဝန်ရှိသူ ဦးဇင်းတပါးက “ကြေညာချက်ထုတ်တဲ့အပေါ် ဦးဇင်းတို့က အထူးပဲ ဝမ်းသာတယ်။ ဒါပေမဲ့ သူတို့က လုပ်တုန်းက လုပ်ပြီးပြီပဲ။ လုပ်ရဲလို့တောင် လုပ်သေးတာ၊ ပြန်တောင်းပန်ဖို့ဆိုတာ
ဘယ်တော့မှ မဖြစ်နိုင်သလို ဦးဇင်းတို့ဘက်ကသာ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်နေဖို့ပဲ ရှိတယ်” ဟု မဇ္စျိမကို မိန့်ဆိုသည်။

ရွှေဝါရောင်တော်လှန်ရေး ပါဝင်ခဲ့ပြီးနောက် လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ သီတင်းသုံးနေသူ ဦးဇင်း ဦးပညာသီရိက “အခုလိုတောင်းဆိုမှုဟာ အာဏာပိုင်တွေဘက်က လိုက်ရောမှု ရှိမယ်လို့ မထင်သလို၊ သူတို့ဘက်ကလည်း အခုလက်ရှိ
လုပ်မြဲဆက်လုပ်နေကြတာပဲလေ။ ဖမ်းတဲ့လူကို ဖမ်းတယ်၊ ရိုက်တဲ့လူကို ရိုက်မြဲရိုက်နေတာပဲ။ ဆိုတော့ တချိန်ချိန်မှာ လူထုအုံကြွမှုတခု ဖြစ်လာနိုင်တယ်လို့ ဦးဇင်းထင်တယ်” ဟု မိန့်ကြားသည်။

ပြည်သူလူထုနှင့်သာ ပူပေါင်းနိုင်မည်ဆိုလျှင် ယခုလက်ရှိ အကျဉ်းထောင်တွင် ရှိနေသော သံဃာတော်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ၎င်းတို့၏ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဦးဇင်းက ဆက်လက်မိန့်ဆိုသည်။

ပြည်တွင်းပြည်ပရှိ သံဃာအဖွဲ့များက တကျော့ပြန် ရွှေဝါရောင် လှုပ်ရှားမှုမျိုး ဖော်ဆောင်သွားမည်ဟု မကြာခင်က ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

၂၀၀၇ ခု စက်တင်ဘာနှောင်းပိုင်းတွင် စစ်အာဏာပိုင်များအားကံဆောင်သပိတ်မှောက်သည့်အနေဖြင့် ရန်ကုန်နှင့် နယ်မြို့များတွင် သံဃာတော်များက လမ်းပေါ်ထွက်ကာ ပရိတ်နှင့် မေတ္တာသုတ်ရွတ်ဖတ်ကြပြီး ဆန္ဒထုတ်ဖော်ခဲ့ရာ
ပစ်ခတ်ဖမ်းဆီးခြင်းနှင့် ကျောင်းတိုက်များအတွင်း သူပုန်စခန်းကဲ့သို့ ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်ခံခဲ့ရသည်။

နေပြည်တော် စစ်ရုံးသတင်းရပ်ကွက်တခုအရ သံဃာတော်များ ဦးဆောင်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ မကြာမီ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း စစ်အစိုးရက ခန့်မှန်းထားသည်ဟု သိရှိရပြီး၊ မြို့နယ်အချို့တွင် သံဃာများအား စောင့်ကြည့်မှု၊ ဖမ်းဆီးမှုများ ယခုလအတွင်း ပြုလုပ်လာခဲ့သည်။

Most read this week