စက်မှုဇုန်များ တနေ့ ၅ နာရီသာ လျှပ်စစ်မီးခွဲတမ်းရ

စက်မှုဇုန်များ တနေ့ ၅ နာရီသာ လျှပ်စစ်မီးခွဲတမ်းရ
by -
နီမိုးမြင့်
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင်  ဓာတ်အားပေးချိန် ထပ်မံ လျှော့ချလိုက်ရာ တရက်လျှင် ၅ နာရီသာ လျှပ်စစ်မီး ရရှိတော့ ...

ရန်ကုန် (မဇ္ဈိမ) ။     ။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင်  ဓာတ်အားပေးချိန် ထပ်မံ လျှော့ချလိုက်ရာ တရက်လျှင် ၅ နာရီသာ လျှပ်စစ်မီး ရရှိတော့သည်။

မီးအားကျဆင်းမှုများ စက်မှုဇုန်များတွင် ဖြစ်ပေါ်ခဲ့ပြီးနောက် စက်တင်ဘာလ ပထမအပတ်မှစပြီး နံနက် ရ နာရီမှသည် မွန်းတည့် ၁၂ နာရီ သို့မဟုတ် မွန်းတည့် ၁၂ နာရီမှသည် ညနေ ၅ နာရီအထိ အလှည့်ကျပေးသည့် ခွဲတမ်းကို ကျင့်သုံးလာတော့သည်။

“အရင်တရက်ကို ၉ နာရီမီးပေးတော့ မီးအားပြည့်အောင် မပေးနိုင်ဘူး။ တချို့စက်ရုံတွေဆို မီးလာနေလည်း မီးထွန်းတာလောက်ပဲလုပ်ပြီး စက်လည်ဖို့က သူတို့မီးစက်တွေနဲ့သူတို့ မောင်းရတာ။ မီးအားမပြည့်ဘဲ အချိန်အများကြီး ပေးမယ့်အစား  အချိန်နည်းနည်းနဲ့ ပေးတဲ့အချိန်မှာ အသုံးတည့်အောင် လုပ်လိုက်တာပါ” ဟု စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကော်မတီမှ အင်ဂျင်နီယာမှူးတဦးက ပြောသည်။

ယခင်က မနက်၉ နာရီမှ ညနေ ၆ နာရီအထိ တနေ့လျှင် ၉ နာရီ ဓာတ်အားပေးခဲ့သည်။

“ကျနော်တို့ အချိန် ၉ နာရီနဲ့ တရက်ခြားပေးမလား။ ဒါမှမဟုတ် တနေ့ကို ၉ နာရီပေးမလားဆိုပြီး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှာ ညှိတော့ မီးမပေးတဲ့ရက် တနေကုန် မီးစက်တွေနဲ့ လည်ရမယ်ဆိုရင် မီးဘေးအန္တရာယ်လည်း ရှိတယ်။ အလုပ်သမားတွေရဲ့ ကျန်းမာရေးလည်း ထိခို်က်မှုရှိနိုင်မယ်။ အဲဒါကြောင့် အားလုံးတိုင်ပင် ဆွေးနွေးပြီး တရက်ကို ၅ နာရီပေးဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု သူက ထပ်ပြောသည်။

ထို့အပြင် ဒီဇယ်စျေးကလည်း တပီပါကို ကျပ် ၃ သောင်းခန့် မြင့်တက်လာမှုကလည်း စက်ရုံများအတွက် ကုန်ကျစရိတ် မြင့်တက်လာသည်။

ကိုယ်ပိုင်မီးစက်ဖြင့် လည်ပတ်ပါက တွက်ချေမကိုက်သဖြင့် စက်ရုံအချို့မှာ အလုပ်သမားများကို နေ့တဝက်သာ လုပ်ငန်းလုပ်ကိုင်ကြရသည်။

ပြီးခဲ့သည့် လအတွင်းက စက်မှုဇုန်များအတွင်း လျှပ်စစ်ဓာတ်အား ကျဆင်းသဖြင့် မီးအားထိန်း၊ မီးအားမြှင့်စက်များ တပ်ဆင်ရန် စေခိုင်းခဲ့သေးသည်။

စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်တိုင်းအတွင်း၌ စက်မှုဇုန်များသည် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပေါက်ကံ၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနှင့် မင်္ဂလာဒုံတွင် တည်ရှိသည်။

လျှပ်စစ်ဓာတ်အားပေးမှုကို နိုင်ငံပိုင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ချုပ်ကိုင်ထားပြီး လုံလောက်စွာ ဓာတ်အားမပေးနိုင်သော်လည်း တယူနစ်လျှင် ကျပ် ၅၀ သာ ကုန်ကျချိန်တွင် ဒီဇယ်ဆီသုံး ကိုယ်ပိုင်မီးစက် အသုံးပြုပါက တယူနစ်လျှင် အနည်းဆုံး ကျပ် ၃၀၀ ကုန်ကျသည်။

၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာသိမ်းခံရသော နိုင်ငံတွင် လျှပ်စစ်မီးပြတ်တောက်မှုမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ခဲ့သော်လည်း စက်မှုဇုန်များ ပေါ်ထွန်းလာသည့် ၁၉၉၀ ခုနှစ်များနောက်ပိုင်း ပိုမိုဆိုးဝါးလာခဲ့သည်။

Most read this week