အာဏာရအောင် ကြိုးစားသင့်ဟု ဦးသုဝေ ပြော

အာဏာရအောင် ကြိုးစားသင့်ဟု ဦးသုဝေ ပြော
by -
နန်းဒေဝီ
စစ်အစိုးရပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အရပ်သား ပါတီများအနေဖြင့် အုပ်ချုပ်ရေးအာဏာကို ရယူနိုင်ရန် ကြိုးစားသင့်ကြောင်း ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌက ပြောဆို ...

နယူးဒေလီ (မဇ္စျိမ)။     ။ စစ်အစိုးရပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အရပ်သား ပါတီများအနေဖြင့် အုပ်ချုပ်ရေးအာဏာကို ရယူနိုင်ရန် ကြိုးစားသင့်ကြောင်း ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။

“နိုင်ငံရေး ပါတီတွေရယ်၊ ပြည်သူတွေရယ်က တက်တက်ကြွကြွနဲ့ တကယ်ပဲ ကြိုးစားပြီး လုပ်မယ်ဆိုရင် ရ၅ ရာခိုင်နှုန်းကနေ အများကြီး လုပ်နိုင်တာပေါ့။ အများကြီးလုပ်နိုင်ရင် ဘာဖြစ်လို့ အုပ်ချုပ်မှုအာဏာအချိုးကို မရရမှာလဲ၊ ရနိုင်တာပေါ့။ မကြိုးစားရင် မရဘူးပေါ့” ဟု ဒီပီ - ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်တွင် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရက်တစ်ပါတီ - ဒီပီတွင် ဦးသုဝေက ဥက္ကဋ္ဌဖြစ်ဆောင်ရွက်ပြီး ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေတို့ဖြင့် ဦးဆောင်ဖွဲ့စည်းခဲ့သည်။

“တိုင်းပြည် ကိုယ်စားလှယ်တွေ အနေနဲ့ တိုင်းပြည်လူထု သဘောထားတွေကို ကျနော်တို့က တင်ပြနိုင်အောင်၊ ပြောနိုင်အောင် ကိုယ်က အာဏာရှိရင် ပိုပြီးလုပ်နိုင်အောင်၊ ကျနော်တို့ ကြိုးစားမှာပါ။ အာဏာရှိအောင် ကျနော်တို့ ကြိုးစားမှာပါ” ဟု ဦးသုဝေက ပြောသည်။

၇၇ နှစ်အရွယ် ဦးသုဝေသည် ဖဆပလခေတ်တွင် ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ဖဆပလ ပါတီ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ငြိမ်း၏ ကိုယ်ရေး အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့်အပြင်၊ UPI ခေါ် ကမ္ဘာ့သတင်းဌာန၏ အရှေ့တောင်အာရှရုံးချုပ် သတင်းအယ်ဒီတာ၊ Morning Express နေ့စဉ်သတင်းစာ လက်ထောက် အယ်ဒီတာနှင့် Bankkok World နေ့စဉ်သတင်းစာ အယ်ဒီတာ အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။

ပါတီအနေဖြင့် ပါတီမူဝါဒသဘောထားများ၊ ဖွဲ့စည်းပုံစည်းမျဉ်းများ ရေးဆွဲပြီးဖြစ်သည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတွင် တိုင်းနှင့် မြို့နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့အသီးသီး ဖွဲ့စည်းထားပြီး၊ အဖွဲ့အစည်းအပေါ် စိတ်ပါဝင်စားသူများအတွက် အဖွဲ့ဝင်လျှောက်လွှာ တသောင်းခန့်ကို ရိုက်နှိပ်ထားပြီးဖြစ်သည်ဟု သူက ပြောသည်။

ယခင်က ကနေဒါအခြေစိုက် ယူဒီပီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီတွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသူ ဦးသုဝေအနေဖြင့် ယခုအခါ ယူဒီပီနှင့် ကင်းရှင်းသွားပြီဟု ပြောသည်။

“ကျနော်ကိုယ်တိုင်က နားမည်မှု လွဲခဲ့တယ်။ ယူဒီပီ ပါတီကို အစကတည်းက ဖွဲ့ထားပြီးဆိုတာ ကျနော်မသိဘူး။ ယူဒီပီမှာ ခေါင်းဆောင်လုပ်ပြီး ဥက္ကဋ္ဌလုပ်ပါဆိုပြီး ကြားလူကနေ လာပြောတယ်။ တခါမှတော့ တိုက်ရိုက် လာပြောတာ မရှိဘူး။ သူတို့လည်း ဗမာပြည်ပြန်လာမယ်။ အတူတူ လုပ်ကြရအောင်ပြောတော့ ကောင်းတာပေါ့ဆိုပြီး လက်ခံလိုက်တယ်” ဟု ဦးသုဝေက ပြောသည်။

လတ်တလောတွင် ဒီပီပါတီအနေဖြင့် စစ်အာဏာပိုင်များ၏ အကူအညီများ ရရှိနေသည့်အပြင် အနာဂတ် အုပ်ချုပ်ရေးတွင် အာဏာခွဲဝေရေး ကိစ္စအတွက် တိုင်ပင် ဆွေးနွေးနေကြောင်း မြန်မာ့နိုင်ငံရေး နယ်ပယ်တွင်း စွပ်စွဲမှုများအပေါ် မဟုတ်မှန်ကြောင်း ဦးသုဝေက ငြင်းဆိုသည်။

“ကျနော်တို့နဲ့ လက်ရှိစစ်အစိုးရနဲ့က ဘာမှအဆက်အသွယ် မရှိပါဘူးဗျ။ ရင်းနှီးမှုလည်း မရှိဘူးဆိုတော့ ဒီ power sharing ကိစ္စက ဘယ်လိုဆွေးနွေးမှာလဲနော်။ ဘာမှဆွေးနွေးစရာလည်း မရှိဘူး။ ကျနော်တို့က သီးခြားလွတ်လပ်တဲ့ ပါတီအနေနဲ့ ထောင်တာပါ။ ထောက်ပံ့တာမျိုးလည်း မရှိပါဘူး” ဟု သူက ပြောသည်။

Most read this week