ချင်းမိုင် (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများမှ မသန်စွမ်းသူများအတွက် ရန်ပုံငွေရှာသော အနုပညာ ဖျော်ဖြေပွဲတခုကို ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ယခုလ ၁၃ ရက်နေ့တွင် ကျင်းပသွားမှာ ဖြစ်သည်။
နာမည်ကျော် တေးသံရှင်များနှင့် မသန်စွမ်းသူများကိုယ်တိုင် ပူးပေါင်းသရုပ်ဆောင်မည့် ပြဇာတ်၊ သီချင်း၊ အငြိမ့်၊ အက ဖျော်ဖြေပွဲများဖြင့် တင်ဆက်သွားမှာဖြစ်ပြီး ရရှိလာမည့် ရန်ပုံငွေများကို မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်မှ မသန်စွမ်းသူများအတွက် အသုံးပြု လှူတန်းမည် ဖြစ်သည်။
“အကုန် လှူမှာပါ။ ရန်ပုံငွေ အရမ်းလိုနေတဲ့ ကိုယ်ထူကိုယ်ထ အဖွဲ့တွေကို လှူမယ်။ ကွန်ပြူတာ သင်တန်းတွေမှာ ဆက်သုံးမယ်” ဟု ပွဲဖြစ်မြောက်ရေး လုပ်ဆောင်သူ ရွှေမင်းသား ဖောင်ဒေရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက မဇ္စျိမကို ပြောသည်။
ဦးမြတ်သူဝင်း၏ ရွှေမင်းသား အင်တာပရိုက်စ်ကလည်း ကျပ် သိန်း ၄၀ ကျော် အကုန်ကျခံကာ ပွဲကျင်းပခြင်း ဖြစ်သည်ဟု ဆိုသည်။
မသန်းစွမ်းသူများအတွက် ဘီးတပ် ကုလားထိုင်နှင့် ချိုင်းထောက်များ လှူဒါန်းခြင်း၊ ဆေးကုသမှု ကုန်ကျစရိတ်များတွင် အသုံးပြုခြင်းတို့အပြင် မသန်စွမ်း စာသင်ကျောင်းများသို့လည်း ခွဲဝေပေးသွားမည် ဖြစ်ကြောင်းနှင့် လှူမည့်ပစ္စည်းပေါ် မူတည်၍ လူဦးရေ ပြောင်းလဲနိုင်ကြောင်း သူက ပြောသည်။
လက်မှတ်များကို တစောင်လျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် အစောင်ရေ ၁၅၀၀ သတ်မှတ်ထားပြီး ယင်းနေ့ ညနေ ၆ နာရီမှ ၁၁ ထိ ဖျော်ဖြေသွားမည် ဖြစ်သည်။
ဖျော်ဖြေပွဲ လက်မှတ်များကို Ko Ko Beauty Salon (လပြည့်ဝန်း ပလာဇာ)၊ ရန်ကင်းစင်တာ၊ ဒဂုံစင်တာ၊ ဧမာနွေလဘုရားကျောင်း၊ မျှော်စင်ကျွန်းရုံးခန်း၊ ရွှေမင်းသား ဖောင်ဒေးရှင်းရုံးတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ဂျေမောင်မောင်၊ ဂျက်မြသောင်း၊ မင်းမော်ကွန်း၊ ဟဲလေး၊ မေခလာ၊ ကော်နီ၊ တင့်တင့်ထွန်း၊ ရှင်ဖုန်း၊ ကဗျာဘွဲ့မှူး၊ သိရိဂျေမောင်မောင်၊ L ဆိုင်းဇီ၊ လှအဥ္စလီတင့် စသည့် အနုပညာရှင်များကလည်း တေးဂီတ၊ ပြဇာတ်၊ အငြိမ့်များတွင် မေတ္တာဖြင့် ပူးပေါင်း ပါဝင်မည် ဖြစ်သည်။
မြန်မာတနိုင်ငံလုံးတွင် မသန်စွမ်းနှင့် မိဘမဲ့ဦးရေ ၁ သန်းကျော်ရှိ၍ ၂၀၀၈ ခု နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် အများဆုံး ခံလိုက်ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသအတွင်း၌ပင် အနည်းဆုံး ၃၀၀၀၀ ကျော်ရှိပြီး၊ ကလေးဦးရေ ၅၀၀၀ ခန့်ရှိနိုင်ကြောင်း အာဆီယံ၊ မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့TCG ၏ နာဂစ်အပြီး ပြန်လည်ထူထောင်ရေးအစီရင်ခံစာ PONREPP ထဲ၌ ခန့်မှန်းဖော်ပြထားသည်။
ယင်းအနုပညာ ဖျော်ဖြေပွဲသို့ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ မျက်မမြင်ကျောင်းနှင့် Mary Chapman မေရီချက် (ပ်) မင်း ဆွံအနားမကြားသော ကလေးများ ကျောင်းတို့မှလည်း သွားရောက် ဖျော်ဖြေမည်ဟု သိရသည်။