စစ်ဖြစ်ချိန် ကိုးကန့်ဒေသ အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်

စစ်ဖြစ်ချိန် ကိုးကန့်ဒေသ အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်
အသေအပျောက် များလှသော တိုက်ပွဲများ ကြံုတွေ့ခဲ့သည့် ကိုးကန့် အထူးဒေသတွင်် အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်ခဲ့ကြောင်း သိရ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ အသေအပျောက် များလှသော တိုက်ပွဲများ ကြံုတွေ့ခဲ့သည့် ကိုးကန့် အထူးဒေသတွင်် အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၁ တွင် တရုတ်ပြည်ဘက်မှ အင်တာနက်ကို ဆက်သွယ် အသုံးပြုနေပြီး တယ်လီဖုန်းကိုတော့ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးမှ တယ်လီဖုန်းလိုင်းများကို အသုံးပြုလျှက်ရှိရာ သြဂုတ်လ ၂၄ ရက်နေ့တွင် ဆက်သွယ်ရေး အားလုံး ပြတ်တောက်သွားခဲ့သည်။

“အင်တာနက်တွေ ဖုန်းလိုင်းတွေ အများစုက တရုတ်ပြည်ကဟာတွေပါ။ ၂၄ ရက်နေကလေ။  အဲဒီမှာ အဓိကသုံးတာကတော့ တရုတ်ဖုန်းတွေ သုံးကြတာပဲလေ။... ချင်းရွှေဟော်တို့မှာတော့ မြန်မာဖုန်းတွေ ရှိတယ်။ ”  ဟု တရုတ်ပြည်နယ်စပ်ရှိ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

ယခု အချိန်အထိ အင်တာနက် ဆက်လက် ပြတ်တောက်နေဆဲ ဖြစ်သော်လည်း တရုတ် တယ်လီဖုန်းများ ပြန်လည် အသက်ဝင်လာပြီဟု သိရသည်။

တရုတ် မျိုးနွယ်စုဖြစ်ပြီး အစဉ်အလာအားဖြင့်လည်း တရုတ်နိုင်ငံနှင့် ပိုမို နီးစပ်သော ကိုးကန့်တို့တွင် ပညာတတ် လူငယ်များက တရုတ်နိုင်ငံဘက်တွင် ပညာသင်ကြားလေ့ရှိပြီး ကိုယ်ပိုင် ဝက်ဘ်ဆိုက်များ တည်ထောင် ထားတတ်ကြရာ စစ်ဖြစ်ချိန်တွင် တိုက်ဆိုင်စွာပင် ဝက်ဘ်ဆိုက် အများစု ပိတ်သွားသည်။
တရုတ်နိုင်ငံဘက်က သွယ်တန်းသော အင်တာနက်ကလည်း ပိတ်ဆို့ ဖြတ်တောက်မှု များကာ မြန်နှုန်း နိမ့်လွန်းလှသော မြန်မာ့ဆက်သွယ်ရေးကို အားကိုးရန် မလိုသည့် အနေအထား ဖြစ်သည်။

သြဂုတ်လ ၂၇ ရက်နေ့က စတင်၍ ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့နှင့်တိုက်ပွဲများကြောင့်  လုံခြံုရေးတပ်ဖွဲ့ဝင် ၃၁ ဦး သေဆုံးပြီး ကိုးကန့်တပ်မှ ၁၁ ယောက် သေဆုံးခဲ့သည်ဟု စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ အရပ်သားများအပါအဝင် လူ ၂၀၀ နီးပါး သေဆုံုးခဲ့သည်ဟု ဖုန်ကြားရှင်အဖွဲ့့က ထုတ်ပြန်ခဲ့သည်။

စစ်ပြေး ကိုးကန့် ၃ သောင်းကျော် တရုတ်နိုင်ငံဘက် တိမ်းရှောင်သွားခဲ့ပြီး ယခုအခါ ထက်ဝက်ခန့် ပြန်လည်ဝင်ရောက်လာပြီဖြစ်သည်ဟု စစ်အစိုးရအာဘော် မြန်မာ့အလင်းက ရေးသားထားသည်။

Most read this week