ကချင်လူထုက နယ်ခြားစောင့်တပ် လက်မခံ

ကချင်လူထုက နယ်ခြားစောင့်တပ် လက်မခံ
by -
ဖနိဒါ
ကချင် လွတ်မြောက်ရေးအဖွဲ့၏ တပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရက ဖိအားပေးနေသော်လည်း ကချင်လူထုက လက်မခံဘဲ ပယ်ချ ...

ချင်းမိုင်(မဇ္ဈိမ)။     ။ ကချင် လွတ်မြောက်ရေးအဖွဲ့၏ တပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရက ဖိအားပေးနေသော်လည်း ကချင်လူထုက လက်မခံဘဲ ပယ်ချလိုက်သည်။

စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့ထိ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသည့် ကိုယ်စားလှယ်ပေါင်း ၃၂၄ ဦးနှင့် ကေအိုင်အို ခေါင်းဆောင်များ ပါဝင် တက်ရောက်သော အစည်းအဝေးက ကေအိုင်အိုတပ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိသော ကချင်ဒေသလုံခြံုရေး (KRGF) တပ်အဖြစ်သာ ပြောင်းလဲမည်ဟု ဆုံးဖြတ်လိုက်ကြသည်။

“ကချင်ပြည်သူလူထု အရပ်လုံးလိုလားတဲ့ အခွင့်အရေးတွေကို  ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စားပွဲပေါ်မှာ ဆွေးနွေးသွားဖို့ကို အတူတောင်းဆိုကြတယ် ဆိုတာတွေ ဆုံးဖြတ်တယ်။ နောက်ပြီး နယ်ခြားစောင့်တပ်အစား ကေအိုင်အိုတပ် တတပ်လုံးပါဝင်တဲ့ အဖွဲ့ပြောင်းဖို့ အစိုးရတပ်နဲ့ ညှိနှိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု အစည်းအဝေး ပါဝင်တက်ရောက်ခဲ့သူ ကေအိုင်အို အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားလိုကြောင်းနှင့် နောင်တက်လာမည့် ကချင်ပြည်နယ် အစိုးရအဖွဲ့အတွင်း ကေအိုင်အိုအနေဖြင့် အသွင်ပြောင်း ပါဝင်လိုကြောင်း အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

စစ်အစိုးရလိုချင်သော တပ်မတော်၏ ကွပ်ကဲမှုအောက် ပုံအပ်ရမည့် နယ်ခြားစောင့်တပ်ပုံစံကို ကေအိုင်အိုက မလုပ်လိုပါဟု ဇူလိုင်လကတည်းက နေပြည်တော်သို့ အကြောင်းကြားပြီး ဖြစ်သော်လည်း စစ်အစိုးရက သူ၏ သဘောထားကို ပြင်လိုဟန်မရှိဘဲ အောက်တိုဘာလ နောက်ဆုံးထား ဆုံးဖြတ်ရန် ကချင်အဖွဲ့သို့ သတိပေးထားသည်။

နယ်ခြားစောင့်တပ်ပြောင်းရေး ငြင်းဆန်ခဲ့သော အခြားသော ငြိမ်းအဖွဲ့တခုဖြစ်သည့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခေါင်းစဉ်အောက်မှ စစ်အစိုးရက တိုက်ခိုက်မှုဖြစ်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်အနီး နောက်ထပ်စစ်ပွဲများ ပြန်လည် ပေါ်ပေါက်လာနိုင်သည် ဟူသော တွက်ဆမှုများ တိုးမြှင့်လာခဲ့သည်။

သို့သော်လည်း ကိုးကန့်တပ် ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၁ ထက် အင်အားသာလွန် ကောင်းမွန်သော ကေအိုင်အိုအဖွဲ့ကို စစ်အစိုးရကလည်း သတိထား တုံ့ပြန်နေရသည်ဟု နေပြည်တော် စစ်ရုံး သတင်းရပ်ကွက်အရ သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းကလည်း ”နှစ်ဖက်စလုံး အလျှော့အတင်း မလုပ်ရင်တော့ ကိုးကန့်လို တိုက်လာမှာတော့ စိုးရိမ်ရတယ်။ ... ကေအိုင်အိုကို တိုက်ဖို့အတွက် စစ်တပ်ဘက်ကလည်း အခက်အခဲ ရှိနိုင်မယ်။ ဒါကြောင့် စစ်တပ်ကလည်း တစုံတရာ ညှိနှိုင်းမှုကတော့ ဆက်လုပ်ဦးမယ် ထင်တယ်။ ကေအိုင်အိုဘက်ကလည်း ညှိနှိုင်းမှုကတော့ အရင်ကထက်စာရင် ပိုပြီးတော့ အလေးအနက်ထားပြီး လုပ်ရမယ်” က ပြောသည်။

ထိုကဲ့သို့ ဖြစ်ထွန်းနေချိန်တွင် ကေအိုင်အို ထိပ်ပို်င်းခေါင်းဆောင်အချုုိ့ အဖွဲ့မှ နုတ်ထွက်ပြီး စစ်အစိုးရက ၂၀၁၀ တွင် ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲဝင်ရန် ခြေလှမ်းတလှမ်းတိုးလိုက်သည်။

ယခုလဆန်း ၂ ရက်နေ့က ကေအိုင်အိုအဖွဲ့မှ ဒုဥက္ကဋ္ဌ ဒေါက်တာတူးဂျာ အပါအဝင် ခေါင်းဆောင် ၆ ဦးအား ကေအိုင်အိုအဖွဲ့မှ နုတ်ထွက်ခွင့် ပြုခဲ့သည်ဟု ကေအိုင်အို သတင်းရပ်ကွက်က ပြောသည်။

“ဒေါက်တာတူးဂျာတို့ အဖွဲ့ကိုတော့ ကချင်ပြည်သူလူထု ကိုယ်စားပြုတဲ့ ပါတီဖွဲ့ဖို့ လမ်းဖွင့်ပေးလိုက်တာပဲ။ ကျနော်တို့ လိုအပ်လို့၊ သဘောတူလို့ ထွက်ခွင့်ပေးလိုက်တာပါ” ဟု သတင်းရပ်ကွက်က ဆိုသည်။

ဒုဥက္ကဋ္ဌ ဒေါက်တာတူးဂျာ၊ အထွေထွေ အတွင်းရေးမှူး (၂) အင်ဂျာနော်ရပ်စ်၊ နိုင်ငံခြားရေး တာဝန်ခံ နုတ်လဲ့၊ အရှေ့ပိုင်း တိုင်းမှူး ချဘောင်ကရန်၊ စီးပွားရေးဌာနမှ အရာရှိ ဦးမုန်ခေါင်၊ ကြားကာလ ကော်မတီအဖွဲ့မှ အရာရှိ ဦးဇော်ဖန်းတို့ ကေအိုင်အိုအဖွဲ့မှ နုတ်ထွက်ကာ နိုင်ငံရေးပါတီ ထူထောင်မည် ဖြစ်သည်။

ကချင်ပြည်နယ် တိုးတက်သောပါတီ Kachin State Progressive Party (KSPP) အမည်ဖြင့် ကချင်ပြည်နယ်ကို အဓိကထား၍ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ကချင်နိုင်ငံရေး အသိုင်းအဝိုင်းက ပြောသည်။

KSPP တွင် ဒေါက်တာ တူးဂျာက ဥက္ကဋ္ဌ ဖြစ်ပြီး ကချင်ဒီမိုကရက်တစ် တပ်မတော်မှ ဒုတိယ ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး မန်ချန် သိန်းဆောင်နှင့် ကေအိုင်အိုမှ ခွဲထွက်သည့် လဆန်အောင်ဝါအဖွဲ့မှ ဗိုလ်မှူး ဖုန်းရမ်တို့ ပါဝင်မည်ဟု သိရသည်။

၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့သည့် KIA အဖွဲ့သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲယူထားသည်။

Most read this week