ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်ပြောင်းရေး ဖိအားပေးခံနေရသော အဖွဲ့တခုဖြစ်သည့် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ - KIO က အရေးပေါ် လူထုအစည်းအဝေးတရပ်ကို နယ်စပ်မြို့ လိုင်ဇာတွင် မနက်ဖြန် ပြုလုပ်မည်။
ကချင်ပြည်သူလူထု၏ ရှေ့လျှောက်ရမည့် လမ်းစဉ်နှင့် ပတ်သက်၍ ဆုံးဖြတ်ရန် မနက်ဖြန်တွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာတွင် KIOခေါင်းဆောင်များနှင့် ကချင်ပြည်နယ်အတွင်းရှိ သာဘာရေး ခေါင်းဆောင်များ၊ ကချင်ယဉ်ကျေးမှု အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်သည်။
“ကချင်ပြည်သူလူထုရဲ့ ရှေ့ရေးအတွက် ပြည်သူတွေရဲ့ ယုံကြည်မှုတွေကို ချပြဖို့ ပြည်သူတွေရဲ့ သဘောထားတွေကို ဆွေးနွေးဖို့ နေရာအနှ့ံက ခေါ်လိုက်တယ်။ ဒီနေ့က တချို့ရောက်နေပါပြီ” ဟု KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်ဖွယ်ရှိနေပြီး၊ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) လည်း ပါဝင်သည်ဟု အစည်းအဝေး ကျင်းပရေးအဖွဲ့ဝင်တဦးက ပြောသည်။
မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဖားကန့်၊ ကားမိုင်း၊ ဗန်မော်၊ ရွှေဂူ စသည့်မြို့နယ်များ အပါအဝင် နေရာအနှ့ံရှိ ဘာသာရေးခေါင်းဆောင်များ၊ ကချင်အမျိုးသား ကာကွယ်ရေး တပ်မတော် (KDA) ၊ ကိုယ်စားလှယ်များ ရောက်ရှိနေပြီဖြစ်သည်။
ကချင်ခေါင်းဆောင်များအနေဖြင့် မြစ်ကြီးနားမြို့တွင် ယခုလ ၆ ရက်နေ့၌ စစ်ဖက်ရေးရာ လုံခြံုရေးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မတွေ့ဆုံခင် လူထုအစည်းအဝေးပွဲ ခေါ်ယူခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ကလည်း ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် စစ်တိုင်းဌာနချုပ် တိုင်းမှူးများနှင့် အပစ်ရပ် ၆ ဖွဲ့မှ ခေါင်းဆောင်များကို သက်ဆိုင်ရာ နယ်မြေများအလိုက် သီးခြားစီခွဲ၍ တွေ့ဆုံခဲ့သည်။
အခြားသော အပစ်အခတ်ရပ် ကိုးကန့်အဖွဲ့ကို စစ်အစိုးရတပ်များက ထိုးစစ်ဆင် အနိုင်ယူခဲ့ပြီးနောက် ကချင်ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဆိုသော စိုးရိမ်မှုများ ရှိနေသည်။
နအဖ က စစ်တပ်များကို ဒေသတွင်း ပိုမိုစေလွှတ်ထားခြင်းကြောင့် လိုင်ဇာဒေသခံအချို့မှာ တရုတ်နိုင်ငံဘက်သို့ ပစ္စည်းများ ပြောင်းရွှေ့ကြသည်။
“ပစ္စည်းတွေကတော့ ပို့နေကြတယ်။ တကယ်လို့ နအဖက တိုက်လာမယ်ဆိုရင် ကြိုပြင်ဆင်တာပဲပေါ့။ တရုတ်ပြည်ဘက် အိမ်တောင်ငှားပြီး ပစ္စည်းတွေ ပို့နေကြတယ်။ ကိုးကန့်ဘက်ကလို တိုက်လာမှာ စိုးလို့ ဒေသခံတွေက ပစ္စည်းတွေ အကုန်သယ်နေကြပြီ” ဟု လိုင်ဇာဒေသခံတဦးက မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောသည်။
စစ်အစိုးရက တောင်းဆိုထားသည့် KIO ၏ စစ်တပ်ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းကာ တပ်မတော်၏ အုပ်ချုပ်ခံပြုလုပ်ရန်ကို ငြင်းဆန်ထားပြီး ကချင်ဒေသလုံခြံုရေးတပ်ဖွဲ့ (KRGF) အဖြစ်သာ ပြောင်းလဲလိုကြောင်း တုံ့ပြန်ထားသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်နေခဲ့သော KIO သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။