ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့တွင်းရှိ စက်မှုဇုန်များတွင် Capacitor Bank ဟုခေါ်သည့် မီးအားထိန်းညှိကာ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်သော စက်တမျိုးကို စက်ရုံတိုင်းတွင် မဖြစ်မနေ တပ်ဆင်ရမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကော်မတီက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
သက်ဆိုင်ရာ စက်မှုဇုန်အလိုက် ထရန်စဖော်မာများ တပ်ဆင်ထားပြီးဖြစ်သော်လည်း လျှပ်စစ်ဓာတ်အား အပြည့်အဝ မရရှိသဖြင့် မီးအားမြှင့်တင်ပေးနိုင်ရန် ထပ်ဆင်ခိုင်းလာခြင်းဖြစ်သည်။
“မီးအားမပြည့်လို့ စက်ရုံတွေက စက်တွေ ခဏခဏ ပျက်တယ်ဆိုပြီး ကျနော်တို့ဆီကို complain တွေ ခဏခဏ လာပါတယ်။ နောက်ပြီး မီးအားအတက်အကျ မမှန်ရင် ဝါယာလျှော့ဖြစ်ပြီး မီးလောင်တာတို့ ဘာတို့ ဖြစ်တာနဲ့လည်း ခဏခဏ ကြံုရတယ်။ ဒါတပ်လိုက်ရင် သူက မီးအားလည်း မြှင့်ပေးတယ်။ မီးအားလည်း ထိန်းညှိပေးတယ်။ အဆင်ပြေမယ်ထင်လို့ တပ်ခိုင်းတာပါ။ တခြားနိုင်ငံတွေက စက်မှုဇုန်တွေကိုလည်း ကျနော်တို့ သွားလေ့လာပြီးပြီ။ သူတို့လည်း Capacitor bank တွေ စက်ရုံတိုင်းလိုလို တပ်ထားကြပါတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
ညွှန်ကြားချက်အတိုင်း မလိုက်နာသည့် စက်ရုံများကို မီးဖြတ်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ ထုတ်ပြန်သော ညွှန်ကြားလွှာကို ကိုးကားပြီး အထည်ချုပ်လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။
နောက်ဆုံးထား တပ်ဆင်ရမည့်ရက်မှာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က သတ်မှတ်ပေးခြင်းမျိုး မဟုတ်ဘဲ သက်ဆိုင်ရာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီအလိုက် ရက်သတ်မှတ်ကာ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သို့ ပြန်လည်တင်ပြရမည်ဟု သိရသည်။
စက်များ၏ တန်ဖိုးမှာ ဝပ် ၁၂၀ KVA Capacitor bank တလုံးအတွက် တရုတ်နိုင်ငံလုပ် ပစ္စည်းများဖြင့် ပြည်တွင်းတွင် ပြန်လည်တပ်ဆင်သော စက်များကို ဝယ်ယူတပ်ဆင်ပါက အနိမ့်ဆုံး ကျပ် သိန်း ၃၀ ကျော် ကုန်ကျမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းသော စက်များမှာ ကျပ် သိန်း ၅၀ မှ သိန်း ၂၀၀ အထိ ကုန်ကျမည်ဟု စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စက်များအတွက် ကုန်ကျစားရိတ်မှာ အကြီးစား စက်မှုလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုမရှိသော်လည်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် လုပ်ငန်းလည်ပတ်မှု နည်းနေချိန်တွင် များစွာ ဝန်ထုတ်ဝန်ပိုးဖြစ်စေသည်ဟု တောင်ဥက္ကလာပ စက်မှုဇုန်ရှိ ဘက်ထရီခေါင်း လုပ်ငန်းရှင်တဦးက ပြောသည်။
Capacitor bank တပ်ဆင်ထားပြီးဖြစ်သော တောင်ဒဂုံစက်မှုဇုန်မှ သစ်အချောထည် လုပ်ငန်းရှင်တဦးက ၎င်းစက်တပ်ဆင်လိုက်သော်လည်း စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်သည့် မီးအားမှာ အလွန်နည်းနေသည့်အတွက် စက်တပ်ထားသည့်တိုင်အောင် မီးအားကျသည့်အချိန်များနှင့် ကြံုတွေ့ရမြဲဖြစ်သည်ဟု ဆိုသည်။
ယခုအခါ လူနေရပ်ကွက်များတွင်လည်း လျှပ်စစ်မီးပြတ်တောက်မှု ပြန်ဖြစ်လာနေသလို မီးအားကျဆင်းမှု သိသာစွာ ကြံုနေရချိန်တွင် စက်မှုဇုန်များတွင် အလှည့်ကျစနစ်ဖြင့် တနေ့လျှင် ၉ နာရီမှ ၁၆ နာရီကြားသာ ဓာတ်အားရရှိသည်။
“စက်မှုဇုန်တွေကို မီးအားပြည့်ဖို့၊ မီးမှန်မှန်ပေးနိုင်ဖို့ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွေမှာ စစ်တိုင်းမှူးတို့၊ ဗိုလ်ချုပ်ကြီးမြင့်ဆွေ (ကစထမှူး) တို့ကို အမြဲတမ်း တင်ပြနေတယ်။ ဒါပေမဲ့ ထူးမလာဘဲ အဲဒီလို Capacitor bank တွေ မဖြစ်မနေတပ်ရမယ်ဆိုတာပဲ လာတယ်” ဟု သူက ဆိုသည်။
ရန်ကုန်မြို့တွင် အဓိက စက်မှုဇုန်ကြီး ၄ ဇုန်ရှိပြီး စက်မှုဇုန်အသေးပေါင်း ၂၀ ခန့်ရှိသည်။ စက်မှုဇုန်များသည် ၁၉၉၀ ပြည့်နှစ် ပတ်ဝန်းကျင်မှစပြီး စက်ရုံအလုပ်ရုံများနှင့် လူနေအိမ်ယာများကို သီးသန့်ခွဲထုတ် နေရာသတ်မှတ်ပေးပြီး စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။