နယူးဒေလီ (မဇ္စျိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် တရုတ်မိဘနှစ်ပါးမှ မွေးဖွားလာသည့် ခေါင်းနှစ်လုံးပါ ကလေးငယ်သည် မွေးဖွားပြီး နောက်ရက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
ရပ်ကွက် ရ၊ နယ်မြေ ၁၂ ၌ နေထိုင်သူ ဖခင် ဦးကျိမ်ကြာတာနှင့် မိခင် ဒေါ်ယံဇန် (ခေါ်) မခင်ဝင်းတို့က ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် ကျောက်မဲ ပြည်သူ့ဆေးရုံကြီး၌ မွေးဖွားခဲ့ကြောင်း စုံစမ်းသိရှိရခြင်း ဖြစ်သည်။
“မွေးခါစက ကလေးက ငိုရင်တောင် ခေါင်းနှစ်လုံးက သူ့အသံလေးနဲ့သူ ငိုတာ။ ခေါင်းပိုင်းကတော့ ကျန်းမာရေး ကောင်းတယ်လို့ ဆရာဝန်က ပြောတယ်” ဟု ဖခင်ဖြစ်သူ ဦးကျိမ်ကြာတာက မဇ္စျိမကို ပြောသည်။
ခေါင်းနှစ်လုံး ကလေးငယ် မွေးဖွားမှုနှင့်ပတ်သက်၍ ကျောက်မဲဆေးရုံ မွေးစာရင်းဌာနမှ တာဝန်ကျ သူနာပြု ဆရာမတဦးက အတည်ပြုပြောဆိုသည်။
မွေးဖွားစဉ် ကိုယ်အလေးချိန် ၁၁ ပေါင်ရှိသည့် ဦးခေါင်း၂ လုံးနှင့် ကလေးငယ်သည် သားယောက်ျားလေးဖြစ်ပြီး မိဘနှစ်ပါး၏ တတိယမြောက် ကလေးငယ်ဖြစ်သည်။
မွေးဖွားသည့် ည ၉ နာရီခွဲတွင် ကျန်းမာရေး လိုအပ်ချက်အရ အူနှင့် အဆုတ်ပိုင်းများ ခွဲစိတ်ခဲ့ရပြီး၊ ထိုည၌ပင် ဆေးရုံက နေပြည်တော်သို့ အကြောင်းကြားသဖြင့် ညတွင်းချင်း ခေါ်လာရန် ညွှန်ကြားခဲ့သည်ဟု ဖခင်က ပြောသည်။
သို့သော် ခွဲစိတ်ပြီးစဖြစ်နေသဖြင့် နောက်တရက်နံနက်တွင် ကလေးငယ်ကို မိဘနှစ်ပါးနှင့် ဆရာဝန်တဦးက ခေါ်ဆောင်သွားကြရာ ပြင်ဦးလွင် (မေမြို့) အဝင်လမ်းတွင် စီးနင်းလာသည့် ကားပေါ်၌ပင် သေဆုံးခဲ့သည်။
ယခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်ကျေးရွာမှ ကချင်တိုင်းရင်းသူ အမျိုးသမီး မဘောက်မိုင်က ရင်ချင်းဆက်အမွှာ ယောက်ျားလေး ၂ ဦးကို မွေးဖွားခဲ့သေးသည်။ နောက်ပိုင်းတွင် ကလေးငယ်များ ဆုံးပါးသွားခဲ့သည်။