နယူးဒေလီ ။ ။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် ဂျပန်-မဲခေါင် အပျော်တမ်း လူငယ်ဒါရိုက်တာ ယှဉ်ပြိုင်ပွဲသို့ မြန်မာလူငယ် ၅၀ ခန့် လျှောက်ထားကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတဦး အဆိုအရ သိရသည်။
လျှောက်လွှာတင်ထားသူ အားလုံးထဲမှ ၂၀ ဦးကို ရုပ်ရှင်အစည်းအရုံးက ပထမအဆင့်အဖြစ် ယခုလအတွင်း ရွေးချယ်သွားမည်ဖြစ်သည်။
“ကျမတို့ ဒီဘက်က အယောက် ၂၀ ကို ရွေးမယ်။ ပြီးရင် အထက်က လူတွေက အဆင့်ဆင့် စစ်သွားမှာပါ။ နောက်ဆုံး အကောင်းဆုံးလူကို ရွေးချယ်သွားမှာပါ။ ဘယ်နှယောက် ရွေးမယ်ရယ်လို့ သတ်မှတ်ထားတာ မရှိပါဘူး။ အရည်အချင်းရှိတဲ့ လူကိုပဲ ရွေးသွားမှာပါ” ဟု ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ အမျိုးသမီးတဦးက ပြောသည်။
နောက်တဆင့်တွင် ရန်ကုန်ရှိ ဂျပန်သံရုံးနှင့် ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများက စုပေါင်းရွေးချယ်သွားမည်။
ဂျပန်-မဲခေါင် လူငယ်ဒါရိုက်တာ ပြိုင်ပွဲကို တရုတ်နိုင်ငံမပါဝင်ဘဲ အခြား မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံဖြစ်သည့် မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ဂျပန်တွင် ကျင်းပမည်ဖြစ်ရာ ဆုရသူများကို ဂျပန်နိုင်ငံ kagoshima မြို့၌ ယခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ပြုလုပ်မည့် Children Festival သို့ ခေါ်ယူပြသမည်ဖြစ်ကြောင်း ဂျပန်သံရုံးမှ ယဉ်ကျေးမှုဌာန တာဝန်ခံ အမျိုးသမီးတဦးက မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လကတည်းက စိတ်ပါဝင်စားသူ မြန်မာလူငယ်များအား လူငယ်ဒါရိုက်တာ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ရုပ်ရှင်အစည်းအရုံးက ပြည်တွင်းဂျာနယ်များမှတဆင့် ဖိတ်ခေါ်ခဲ့ကာ ပြီးခဲ့သည့်လ ၃၁ ရက်နေ့တွင် နောက်ဆုံးထား၍ လျှောက်ထားရန် ကြေညာခဲ့သည်။
ပါဝင်ယှဉ်ပြိုင်သူများသည် အသက် ၂၅ နှစ်အောက်သာ ခွင့်ပြုပြီး၊ ကိုယ်တိုင်ရိုက်ကူးထားသည့် ၃ မိနစ်ကြာ မည်သည့်ဇာတ်လမ်းတိုမဆို အင်္ဂလိပ်စာတမ်းထိုးဖြင့် VHS (သို့မဟုတ်) DVB ROM စနစ်ဖြင့် ရုပ်ရှင်အစည်းအရုံးသို့ လျှောက်လွှာနှင့်အတူ ပေးပို့ရမည်ဟု ကြေညာခဲ့ကြောင်း ပါဝင်ယှဉ်ပြိုင်သူ မြန်မာလူငယ်တဦးက ပြောသည်။
“ဒီလိုလုပ်ပေးတော့ ဒါရိုက်တာ ဝါသနာပါတဲ့ တက်သစ်စ လူငယ်တွေအတွက် အထူးအခွင့်အလမ်းတရပ်လို့ တွေးမိတယ်။ ၃ မိနစ်စာဆိုတော့ ဘယ်လူငယ်မဆို ရိုက်နိုင်တဲ့ အတိုင်းအတာ ရှိတယ်လေ။ ပထမပိုင်း သတင်းထွက်နေတာက သူတို့နဲ့ နီးစပ်တဲ့သူတွေကိုပဲ ဆုပေးမယ်လို့ ထင်တာလေ။ နီးလာတော့မှ ဒိုင်ထဲမှာ ဂျပန်သံရုံးကလည်း ပါတယ်လို့ သိရတယ်။ အပြင်ကလူတွေလည်း ရနိုင်ဖို့အခွင့်အရေး ရှိတယ်ဆိုလို့ အခုလို ပါဖြစ်သွားတာပါ” ဟု သူက ဆိုသည်။