ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ကိုးကန့်ဒေသမှ စစ်ဘေးရှောင်သူများ တရုတ်နိုင်ငံထဲသို့ ရောက်ရှိလာနေခိုက် ထိုင်းနိုင်ငံက ယာယီ ဒုက္ခသည်စခန်းများနေ ကရင်ဒုက္ခသည်များမှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း အသက်အိုးအိမ်လုံခြံုရေးအတွက် ပူပန်နေရဆဲဖြစ်သည်။
တရုတ်နိုင်ငံနယ်စပ်မြို့ နမ့်ဆန်သို့ ဖုန်ကြားရှင်၏ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲများမှ လွတ်ကင်းရန် ထောင်ပေါင်းများစွာသော ကိုးကန့်များ ထွက်ပြေးနေကြသည်။
သြဂုတ်လဆန်းက စတင်သော လောက်ကိုင်ဒေသမှ ထွက်ပြေးမှုသည် ယမန်နေ့နှင့် ယနေ့တွင် ဖြစ်ပွားသော နှစ်ဖက်တိုက်ပွဲများကြောင့် ပိုများလာခဲ့သည်။
သို့သော် ဇူလိုင်လတွင်းက ထိုင်း-မြန်မာနယ်စပ်အနီး ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) အပေါ် စစ်အစိုးရတပ်များနှင့် ကရင်အဖွဲ့ကွဲ တို့ ထိုးစစ်ဆင်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ တာခ်ခရိုင် ထာ့ဆောင်ယမ်းမြို့နယ်ရှိ ယာယီဒုက္ခသည်စခန်း ၄ ခု သို့ မြန်မာနိုင်ငံ ဘားအံခရိုင်မှ ကျေးရွာသူ၊ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မဲ့သရီ၊ သလေထာ့၊ အူသူးထနှင့် နို့ဘိုး ယာယီစခန်းများတွင် အနည်းဆုံး ဒုက္ခသည် ၃၀၀၀ ကျော်ရှိနေပြီး မြန်မာ့တပ်မတော်က အလစ်အငိုက်ဝင်ပစ်မှာကို စိုးရိမ်နေကြသည်။
“ထိုင်းကလည်း အကုန်လုံး လုံခြံုရေးမယူနိုင်ဘူး။ အဲဒါကြောင့်ကျနော်တို့က ရွှေ့ပြောင်းချင်ကြတာ” ဟု အူသူးထ ဒုက္ခသည်စခန်း ယာယီဥက္ကဌ စောတာဆူးညား က ပြောသည်။
''ဒီကေဘီအေ တို့ နအဖတို့က လာရင် ကျနော်တို့ ဘာမှမတက်နိုင်ဘူးလေ။ တကယ်လို့ ဗုံးတွေပေါက်ဘာတွေ ပေါက်များလာရင်လည်း သူတို့စိတ်တိုလာရင် တကယ့်တကယ် ကူးလာပြီးတော့ အရမ်းလျှောက်လုပ်ရင် ဒီနားရှိတဲ့ ဒုက္ခသည်တွေပဲ ဒုက္ခထပ်ရောက်ကြမယ်လေ” ဟု သူက စစ်အစိုးရနှင့် မဟာမိတ်အဖွဲ့ဖြစ်သော တိုးတက်သော ကရင် ဗုဒ္ဓဘာသာအစည်းအရုံး ခေါ် ဒီကေဘီအေကို ညွှန်းဆိုလိုက်သည်။
အများစုက နှစ်ရှည်လများကတည်းက တည်ရှိနေပြီးဖြစ်သော ဒုက္ခသည်စခန်းကြီး တခုဖြစ်သည့် မယ်လသို့ ပြောင်းရွှေ့လိုကြပြီး ယခုအခါ ဒီကေဘီအေ ထိန်းချုပ်ထားပြီးဖြစ်သော ဇာတိမြေသို့ ပြန်လိုကြခြင်းမရှိပေ။
ထိုင်းအာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် သြဂုတ်လ ၂၄ ရက်နေ့တွင် မယ်လသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း အထမမြောက်နိုင်သေးဘဲ ဖြစ်နေသည်။
ဒုက္ခသည်များသည် ယာယီစခန်းများတွင် အမိုးအကာအဖြစ် တဲထိုး၍ နေထိုင်ကြခြင်းဖြစ်ပြီး အစားအစာအတွက် TBBC (ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်များကို အကူအညီပေးနေသည့်အဖွဲ့) ဖြစ်သည့် Thailand Burma Border Consortium အဖွဲ့က စီစဉ်ပေးတာဖြစ်ပြီး ကျန်းမာရေးနှင့်ပတ်သက်ပြီး ခရစ်ယာန်ဘာသာရေးများက ကူညီပေးနေကြောင်းသိရသည်။