ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဖက် ၂၅ မိုင် အကွာရှိမြစ်ဆုံရေကာတာစီမံကိန်း တည်ဆောက်ခြင်း ကြောင့်် ရွာပေါင်း ၆၀ ခန့်ပြောင်းရွှေ့ရနိုင်ပြီး လူပေါင်း နှစ်သောင်းကျော် အိုးအိမ်မဲ့ဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းသည်။
ထိုဒေသတဝိုက်တွင် အငယ်ဆုံးကျေးရွာသည် အိမ်ခြေ ၂၀ ကျော်ရှိပြီး ရွာကြီး ဖြစ်ပါက အိမ်ခြေတစ်ရာခန့်ရှိကာ ကျေးရွာများအား ယခုလိုပြောင်းရွှေ့ခိုင်းခြင်းကြောင့် လူ နှစ်သောင်းကျော် အိုးမဲ့၊ အိမ်မဲ့ ဖြစ်သွားနိုင်သည်ဟု ဒေသခံရွာသားတဦးက ယခုလို ပြောသည်။
“အခုရွှေ့ခိုင်းတာက ၆၀ ကျော်လောက်ရှိမယ်ထင်တယ် ရွာက။ အဲတာခန့်မှန်းပဲ။ကျနော် တို့ရတဲ့ဟာ။ တကယ်အတိအကျယူမယ်ဆိုရင် တော်တော်များသေးတယ်။ ရွာသူရွာသား က ခန့်မှန်းတော့လူဦးရေ နှစ်သောင်းသုံးသောင်းတော့ပါသွားနိုင်တယ်။ အိုးမဲ့အိမ်မဲ့ဖြစ်သွား နိုင်တာပေ့ါ။”
မြစ်ကြီးနားမြို့နယ်အာဏာပိုင်အဖွဲ့အစည်းများနှင့် အေးရှားဝေါကုမ္မဏီမှတာဝန်ရှိပုဂ္ဂိုလ်တို့ ပါ၀င်သည့်အဖွဲ့သည် ယခုလ ၅ ရက််နေ့ကမြစ်ဆုံအောက်ဖက်ရှိ ကျင်ခန်ရွာတွင် ဒေသခံ ရွာသားများအား အစည်းအဝေးခေါ်၍ ပြောင်း ရွှေ့ရန် ပြောခဲ့ကြောင်း အဆိုပါရွာသား က ဆက်ပြောသည်။
“ရွာသားကိုခေါ်ပြီး အစည်းဝေးလုပ်တဲ့အချိန်မှာ အာဏာပိုင်နဲ့ကုမ္ပဏီတွေပြောတာက အခုဒီမှာရှိတဲ့ အိမ်ခြံတွေအားလုံး စာရင်းပြုစုရမယ်။ ဒီဟာတွေအားလုံး ရွှေ့ပြောင်းမယ့် နေရာဖြစ်တယ်။ ရေကာတာ တည်ဆောက်တဲ့အချိန်မှာ အဲဒီဧရိယာပေ့ါ။ အဲဒီပတ်ဝန်းကျင်မှာ အားလုံးကပြောင်းရမယ်။ ဒါကြောင့်မို့ ခင်ဗျားတို့ရဲ့ သစ်ပင်ဘယ်နှစ်ပင်ရှိတယ်။ လယ်ယာမြေ ဘယ်လောက်ပိုင်ဆိုင်ကြောင်းကို အားလုံး ပေးပါ။ အဲဒီနေ့မှာပဲ သူတို့ တခါတည်းနဲ့ တိုင်းထွာသွားတာပေ့ါနော်။”
အာဏာပိုင်များမှ ပြောင်းရွှေ့ရန်သာပြောခဲ့ပြီး မည်သည့်ဒေသသို့ပြောင်းရွှေ့ ရမည်ကို မသိရဘဲ အိမ်ခြံမြေများ အား မြေစာရင်းဌာနမှလာရောက်တိုင်းတာလျှက်ရှိသည်ဟု ၎င်းက ပြောသည်။
ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့၏ လေ့လာတွေ့ရှိချက်အရ ထိုဒေသသည် စစ်ကိုင်း ငလျှင်လမ်းကြောင်းနှင့် နီးကပ်နေခြင်းကြောင့် ထိုနေရာ၌ ရေကာတာ တည်ဆောက်ခြင်းသည် လူထုအတွက် ခြိမ်းခြောက်မှု တခုဖြစ် နေသည်ဟု အဖွဲ့၏ ရေကာတာ စီမံကိန်းဆိုင်ရာ တာဝန်ခံ ကိုနော်လာက ယခုလိုပြောသည်။
“အဲဒီနေရာမှာ ဒီရေကာတာကို တည်ဆောက်ဖို့လုပ်တော့ ဥပမာ ဒီရေကာတာရဲ့ ခိုင်ခန့်မှုဟာ ပြည်သူ တွေကိုခြိမ်းခြောက်မှုဖြစ်လာတယ်။ ရေကာတာကြီးပြိုကျလာရင် မြစ်ကြီးနားနဲ့ တဖက်ကမ်းမှာရှိတဲ့ ၀ုိင်းမော်မြို့တွေဟာ မိနစ်ပိုင်းအတွင်းမှာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်လာမယ်။”
ကချင်ပြည်နယ်၌ မြစ်ဆုံရေကာတာစီမံံကိန်းမှ မီဂါ၀ပ် ၃၆၀၀ထုတ်လုပ်နိူင်မည်ဖြစ်ပြီး အခြားတည်ဆောက်ဆဲ ရေအားလျှပ်စစ်စက်ရုံ ၆ ခုခန့်ရှိ၍ အားလုံးပြီးစီးသွားပါက မီဂါ၀ပ် တစ်သောင်းကျော်ထုတ်လုပ်နိုင်မည်ဟု ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့၏ စာရင်းများ ကဆိုသည်။
မြန်မာ့ လျှပ်စစ်နဲ့စွမ်းအင် ၀န်ကြီးဌာနနှင့် တရုတ်ပြည်မှ China PowerInvestment Corporation တို့ ပူးပေါင်း၍ မြစ်ဆုံရေကာတာ စီမံကိန်း တည်ဆောက်ရန် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က သဘောတူညီခဲ့ကြပြီး အေးရှားဝေါ ကုမ္ပဏီ က တာဝန်ယူတည်ဆောက်ခြင်း ဖြစ်သည်။