ချင်းမိုင် (မဇ္စျိမ)။ ။ မြန်မာအလုပ်သမား ၃၀၀၀ မှာ ကိုရီးယားဘာသာစကား တတ်မြောက်မှု စာမေးပွဲ အောင်မြင်ပြီး ဖြစ်သော်လည်း ကိုရီးယားနိုင်ငံတွင် အလုပ်အကိုင်ပေးနိုင်မှု ကျဆင်းသဖြင့် ကိုရီးယားသို့ သွားရောက် အလုပ်လုပ်နိုင်ခွင့် မရေရာဘဲဖြစ်နေသည်။
“ကမ္ဘာ့စီးပွားအကျကြောင့် ၂ဝဝ၉ ရဲ့ လုပ်သားခေါ်ယူမှုခွဲတမ်း နည်းသွားတယ််။ နှစ်က သူတို့ဘက်က (ကိုရီးယား) လုပ်ငန်းတွေ ပြန်လည်လည်ပတ်လာလို့ ကိုတာ (ခွဲတမ်း) တွေ တက်လာမယ်ဆိုရင် မျှော်လင့်ချက် မြန်မာလုပ်သားတွေ သွားရဖို့ များပါတယ်” ဟု ကိုရီးယား အလုပ်သမား ဝန်ကြီးဌာန၏ တရားဝင် ကိုယ်စားလှယ် Human Resources Development Service of Korea (HRD Korea) မြန်မာရုံးခွဲ တာဝန်ခံက ပြောသည်။
ယမန်နှစ်မှစ၍ ယခုအချိန်ထိ ကိုရီးယားသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် လျှောက်လွှာတင်သူ မြန်မာလုပ်သား ၃၅၃၆ ယောက်မှ ၃၉၅ ယောက်သာ စေလွှတ်နိုင်သေးသည်။
ကိုရီးယား ဘာသာစကားစစ် စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူ ၃ဝဝဝ ကျော်အတွက် ကိုရီးယား အလုပ်အကိုင် ရရှိရေးအတွက် အာမခံချက်လည်း မပေးနိုင်သေးကြောင်း HRD ကိုရီးယား ရုံးခွဲက ဆိုသည်။
“ဘယ်အချိန်သွားရမလဲ ဘယ်လောက်သွားရမလဲ ဆိုတဲ့အသေးစိတ်တော့ မပြောတတ်ဘူး” HRD တာဝန်ခံက မဇ္ဈိမကို ဖြေကြားသည်။
သို့သော် ကိုရီးယား အရည်အချင်းစစ် စာမေးပွဲကိုမူ ဆက်လက် မဖြေဆိုစေဘဲ ရပ်ဆိုင်းထားပြီး ယခုနှစ်အတွက် ကျင်းပရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။
ကိုရီးယားသို့ မြန်မာ အလုပ်သမား စေလွှတ်မှုကို ယခင်က အလုပ်သင် စနစ်ဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများက ဆောင်ရွက်နေရာမှ ယမန်နှစ်မှစ၍ အစိုးရချင်း တိုက်ရိုက် လုပ်သားစေလွှတ်ရေးစနစ်ကို ကျင့်သုံးခဲ့သည်။
မြန်မာဘက်မှ ရွှေအင်းဝ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှင့် ကိုရီးယားဘက်မှ HRD ကိုရီးယားတို့က ကိုယ်စားလှယ် အဖြစ်လုပ်ကိုင်နေခြင်း ဖြစ်သည်။
လက်ရှိ လုပ်သား ၃၀၀ ကျော်ကို တဦးလျှင် ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၁၀၅၀ ဖြင့် တရားဝင် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။
ယခင်က အလုပ်သင် စနစ်ဖြင့် ကိုးရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် တဦးလျှင် ကုန်ကျစရိတ် မြန်မာငွေ သိန်း ၄၀ ကျပ်ခန့် ကန်ဒေါ်လာ ၄၀၀၀ ခန့် ကုန်ကျသည်။
ပြီးခဲ့သည့်နှစ်မှစ၍ ပြောင်းလဲလိုက်သည့် အစိုးရချင်း လုပ်သားစေလွှတ်မှု စနစ်သစ်တွင် ကိုရီးယား အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုအောင်မြင်ထားရမည်ဖြစ်ပြီး၊ အခြားလိုအပ်သည့် အရည်အချင်းများကိုမူ တရားဝင် သတ်မှတ်မထားဘဲ ကိုရီးယားလုပ်ငန်းရှင်များက စိတ်ကြိုက်ရွေးချယ်ခြင်းသာ ဖြစ်သည်။
ကိုရီးယားက နိုင်ငံခြားသား အလုပ်သမားများကို ကုန်ထုတ်လုပ်ငန်းများတွင် အများဆုံး အသုံးပြုမှုများပြီး အလုပ်သမား တဦးလျှင် ပျမ်းမျှအားဖြင့် တလလျှင် ကိုရီးယား ဝမ် ၁၀ သိန်းခန့် ရရှိကာ မြန်မာငွေအားဖြင့် ကျပ် ၁၀ သိန်းခန့် ရရှိသည်။