ချင်းမိုင် (မဇ္စျိမ)။ ။ ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူ လယ်ယာစနစ် လုပ်ကိုင်နေသော ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ တောင်သူလယ်သမား ဦးရေ ၁၆၀၀ ကျော်သည် လယ်ယာမြေ ဆုံးရှုံးမှုများနှင့် ကြံုတွေ့နေရကြောင်း အန်အယ်ဒီဗဟို တောင်သူလယ်သမားလုပ်ငန်းအဖွဲ့က ပြောသည်။
ပြီးခဲ့သည့်နှစ်က စိုက်ပျိုးရေးအထူးဇုန်အဖြစ် သတ်မှတ်ပြီး လယ်ဧက ၃ သောင်းကျော်တွင် ပုဂ္ဂလိက ကုမ္ပဏီ ၁၀ ခုကျော်နှင့် အကျိုးတူ လယ်ယာစနစ် စတင်လုပ်ကိုင်ခဲ့ရာ ယခုနှစ်တွင် ကုမ္ပဏီများက လယ်ပိုင်ရှင်များကို ပေါက်စျေး တဧက ၄-၅ သိန်းရှိသော်လည်း တဧက ၂ သောင်းနှုန်းဖြင့်သာ ပေးချေ၍ လယ်မြေများကို သိမ်းယူလိုက်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
“လယ်တဧကကို ၂ဝဝဝဝ နှုန်းပေးပြီးတော့ ယူလိုက်သလို ဖြစ်နေတယ်။ လယ်သမားတွေကိုလည်း အလုပ်မခိုင်းတော့ဘူး။ လယ်တဲတွေကိုလည်း အတင်းဖျက်ခိုင်းနေတယ်။ အဲဒါကို လယ်သမားတွေက မကျေနပ်ဘူး” ဟု အန်အယ်ဒီ ဗဟိုလုပ်ငန်းကော်မတီ တောင်သူလယ်သမားလုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။
ထူး၊ Dagon International၊ ပင်လယ်ကိုးသွယ်၊ good brother၊ အမျိုးသား တိုးတက်ရေး၊ ရွှေနဂါးမင်း၊ အေဒင်ကုမ္ပဏီ စသည်တို့ အပါအဝင် ကုမ္ပဏီ ၁၀ ခုကျော်က လယ်သမားနှင့် အကျိုးအမြတ်ခွဲဝေ လုပ်ကိုင်ခဲ့ကြသည်။
နှစ်ဖက် သဘောတူညီချက်အရ လယ်ပိုင်ရှင်များက လယ်ယာထွက်ကုန် အကျိုးအမြတ်၏ ၄၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကာ၊ လယ်ယာလုပ်ငန်းအတွင်း အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ပါက သီးသန့် လုပ်အားခ ရရှိမည်။
ထို့အပြင် လယ်ယာလုပ်ငန်းအတွက် အသုံးပြုရမည့် စက်ပစ္စည်းများ၊ စိုက်ပျိုးစရိတ်များ အားလုံးကို ကုမ္ပဏီက ကျခံမည်ဖြစ်ကာ၊ လယ်ယာထွက်ကုန် အကျိုးအမြတ်၏ ၆၀ ရာခိုင်နှုန်းကို ရယူမည် ဖြစ်သည်။
သို့သော် ကုမ္ပဏီများက ပေါက်စျေးထက် လျှော့ပေးဝယ်သည့်အပြင် လယ်သမားများကို လယ်လုပ်ငန်းခွင်သို့ အလုပ်ဆင်းခိုင်းခြင်း မရှိတော့ဘဲ၊ လယ်တဲများကိုပါ ဖျက်ခိုင်းနေသည်ဟု သရက်ပင်ချောင် ကျေးရွာမှ လယ်သမားများက စာရွက်စာတမ်းများနှင့်တကွ အန်အယ်ဒီသို့ လာရောက်တိုင်ခဲ့ကြသည်။
အစပိုင်းက နှစ်ဖက်သဘောတူ စာချုပ်အတိုင်း နောက်ပိုင်း၌ မလုပ်ဖြစ်ကြောင်းနှင့် သို့သော်လည်း ထိုက်သင့်သည့် အကျိုးခံစားခွင့် ရရှိသူများလည်း ရှိနေကြောင်း အကျိုးတူလုပ်ငန်းတွင် ပါဝင်သော ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“စာချုပ်ကို အစပိုင်းက သဘောတူထားတယ်။ နောက်ပိုင်းကျတော့ မလုပ်ဖြစ်ဘူး။ တချို့ကုမ္ပဏီတွေက ၂ သောင်း ပေးတယ်။ လာမလုပ်နိုင်တဲ့ လူတွေကတော့ ရသလောက် ယူလိုက်တာပေါ့နော်။ တချို့လည်း ပေါင်းစိုက်တာတော့ ရတာပေါ့။ ဒါပေမဲ့ ပထမ စာချုပ်အတိုင်း တပုံစံတော့ မလုပ်ဖြစ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
“မကျေမနပ် ဖြစ်တယ်လို့ ပြောနေတာကတော့ အရင်တုန်းက လယ်စျေး သက်သာတုန်း ဝယ်ပြီး လုပ်ကြတဲ့ လူတွေကတော့ ဆုံးသွားတယ်လို့ ပြောကောင်း ပြောမှာပေါ့။ ကုမ္ပဏီတွေပေါ်လည်း မူတည်ပါတယ်။ လူအများနဲ့ လုပ်တဲ့ကိစ္စမှာ အားလုံး ကျေနပ်အောင်လုပ်ဖို့က ခက်တာပေါ့” ဟု သူက ဆက်ပြောသည်။
ယခုကဲ့သို့ ပိုင်ဆိုင်မှုနှင့် ငွေပေးချေမှု အရှုပ်အရှင်းများ ဖြစ်နေသည့် လယ်များမှာ စိုက်ပျိုးရေးအထူးဇုန်အဖြစ် သတ်မှတ်ပြီး အကျိုးတူလုပ်ကိုင်နေသော ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သရက်ပင်ချောင်၊ ညောင်ပင်၊ ကြည်စု၊ လေးထောင့်ကန်၊ သုံးခွကျေးရွာများမှ တောင်သူလယ်သမား ၁၆၀၀ ဦးကျော်၏ လယ်ဧက ၈၈၀၀ ကျော်ဖြစ်ကြောင်း အန်အယ်ဒီ တောင်သူလယ်သမားလုပ်ငန်း အဖွဲ့က ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ လယ်ဖိုးငွေ ပြန်အန်းခံရသူထဲမှ လယ်သမားအချို့က တာဝန်ခံပြီး လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO သို့ တိုင်ကြားပြီးဖြစ်ကြောင်း သိရသည်။