ချင်းမိုင် (မဇ္စျိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်သည် ကျန်းမာရေး အခြေအနေ တိုးတက်လာသဖြင့် ဆေးရုံမှ ယနေ့ ဆင်းပြီဖြစ်သည်။
အသက် ၈၀ နှစ်အရွယ် သတင်းစာဆရာကြီး ဦးဝင်းတင်သည် နှလုံးခုန်နှုန်း ပုံမှန် မရှိသည့်အတွက် စမ်းချောင်းမြို့နယ် အာရှတော်ဝင်ဆေးရုံ၌ ယခုလ ၁၅ ရက်နေ့တွင် တက်ရောက်ကုသခဲ့ရာမှ သက်သာလာပြီ ဖြစ်သဖြင့် ယနေ့ နံနက်တွင် ဆေးရုံမှဆင်းကာ နေအိမ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
“တော်တော်လေး သက်သာပါတယ်။ ခါတိုင်းက နှလုံးခုန်နှုန်း ၄၀ ပတ်ဝန်းကျင်ပဲရှိတော့ လှုပ်ရင်လည်း မော၊ စကားပြောရင်လည်း မောတယ်။ အခုတော့ ၆၂ ဖြစ်သွားပြီဆိုတော့ လူကောင်းလောက်တော့ မရှိသေးဘူး။ သက်သာတယ်လို့ ယူဆတယ်” ဟု ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။
နှလုံးခုန်စက် ထည့်ပေးသည့် ဆရာဝန် ဦးခင်မောင်လွင်နှင့် မနက်ဖြန်တွင် ထပ်မံ သွားတွေ့ရမည်ဖြစ်ပြီး နှလုံးအထူးကု ဆရာဝန် ဒေါ်ချိုလေးမာနှင့် လာမည့်အပတ်မှာ တွေ့ဆုံရန် ရက်ချိန်း ရထားပြီး ဖြစ်ကြောင်း အတူနေသူ ဦးမောင်မောင်ခင်က ပြောသည်။
ဦးဝင်းတင်၏ ကျန်းမာရေး တိုးတက်လာသည်ဟု ဆိုသော်လည်း လက်ကိုင်ဖုန်းနှင့် လျှပ်စစ်မီး ခလုပ်များ ကိုင်တွယ်ခြင်း မပြုရန် ဆရာဝန်က မှာကြားထားသည်။
ဆရာကြီးသည် ပြီးခဲ့သည့် လလယ်ပိုင်းမှ စတင်ကာ နှလုံးခုန်နှုန်း ပုံမမှန်ဘဲ မောပန်းသည့် ဝေဒနာ ခံစားနေရသဖြင့် ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်သို့ မသွားရောက်နိုင်ဘဲ နေအိမ်တွင် အနားယူခဲ့ရသည်။
သို့သော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို ရုံးချိန်းရက်ပေးသည့် နေ့များတွင် တရားခွင် တည်ရှိရာ အင်းစိန်ထောင်သို့ သွားရောက်လေ့ရှိသူ ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ရာ အင်းစိန်ထောင်တွင်း၌ ၁၉ နှစ်ကျော်ကြာ ချုပ်နှောင်ခံခဲ့ရာမှ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် လွတ်မြောက်လာခဲ့သည်။
ဦးဝင်းတင်အား ၂၀၀၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီးက Guillermo Cano World Press Freedom Prize ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အဖွဲ့ကြီး World Association of Newspapers က လွတ်လပ်မှုဆိုင်ရာ ရွှေကလောင်ဆု Golden Pen of Freedom Awardတို့ကို ချီးမြှင့်ခဲ့သည်။
ထို့အပြင် ၂၀၀၆ ခုနှစ်၌လည်း ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (R.S.F) က သတင်းလွတ်လပ်ခွင့်ဆု ပေးအပ်ခဲ့သေးသည်။