ကြံ့ဖွ့ံ အတွင်းရေးမှူး မနက်ဖြန် ဂျပန် ရောက်မည်

ကြံ့ဖွ့ံ အတွင်းရေးမှူး မနက်ဖြန် ဂျပန် ရောက်မည်
by -
နန်းဒေဝီ
စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး  ဦးဌေးဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မနက်ဖြန်တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည််ရေး ခရီးစဉ်အဖြစ် ရောက်ရှိ ...

နယူးဒေလီ (မဇ္စျိမ)။     ။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး  ဦးဌေးဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မနက်ဖြန်တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည််ရေး ခရီးစဉ်အဖြစ် ရောက်ရှိမည်ဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟီရိုဖူမီ နာဂါဆိုနီ (Hirofumi Nakasone) ဖိတ်ကြားထားသည့် ရ ရက်ကြာ ခရီးစဉ်တွင် ကြံ့ဖွံ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးတဖြစ်လည်း ဦးဌေးဦးနှင့်အတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အရာရှိများအပြင် စစ်ဘက်ဆိုင်ရာ လုံခြံုရေး အရာရှိများပါ သွားရောက်မည် ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ထိုင်းလေကြောင်း TG ဖြင့် မြန်မာနိုင်ငံမှ စတင်ထွက်ခွာပြီး၊ ဂျပန်မြို့တော် တိုကျိုသို့ ANA – 916 ခေါ် နီပွန်လေကြောင်းလိုင်းဖြင့် ၂ဝ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်မည်။

ယခုလ ၂၆ ရက်နေ့တွင် အဆုံးသတ်မည့် ခရီးစဉ်အတွင်း မြန်မာအဖွဲ့သည် တိုကျိုမြို့လယ်ရှိ Hotel New Otani တွင် တည်းခိုမည်ဖြစ်ကြောင်းနှင့် ရောက်ရှိသည့်နေ့တွင် တိုကျိုမြို့တောင်ဘက်ရှိ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားလျက်ရှိသော Kamakura အရပ်မှ ဗုဒ္ဓကြေးရုပ်ပွားတော်နှင့် ဇင်ဘုရား ပုထိုးဟောင်းများသို့ သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သတင်းရပ်ကွက်တခုက ဆိုသည်။

၂၃-၂၄ ရက်နေ့များတွင် ဂျပန်နိုင်ငံ လက်ရှိ အတိုက်အခံပါတီမှ ပါလီမန် အမတ်တချို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ၂၅ ရက်နေ့ နံနက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖူမီနှင့်သော်၎င်း၊ ထိုနေ့ညနေတွင် စိုက်ပျိုးရေး ဒုဝန်ကြီးနှင့် တွေ့ဆုံမည်။

ချစ်ကြည်ရေး ခရီးစဉ်ဖြစ်သည့်အပြင်၊ ယခုလ ၃၀ ရက်နေ့တွင် ကျင်းပမည့် ဂျပန်ရွေးကောက်ပွဲ၌ လက်ရှိ အတိုက်အခံပါတီ Democratic Party of Japan (DPJ) က အနိုင်ရခဲ့ပါက ဂျပန်က မြန်မာအပေါ် ထားရှိသည့် မူဝါဒများအပေါ် ကြိုတင်ညှိနှိုင်းရေးအတွက် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ DPJ သည် ယခုရွေးကောက်ပွဲ၌ အနိုင်ရရှိလိမ့်မည်ဟု အကဲခတ်အများက တစ်ကြိုပေး ခန့်မှန်းထားကြသည်။

ကြံ့ဖွံ့ခေါင်းဆောင်နှင့် အဖွဲ့သည် ယခင်ကလည်း အိမ်နီးချင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သေးသည်။

အခြားသော ဆက်စပ်သတင်းတခုမှာ ကြံ့ဖွံ့အသင်း၏ သင်းလုံးကျွတ်အစည်းအဝေးကို အောက်တိုဘာလအတွင်း နေပြည်တော်ရုံုးသစ်တွင် ပြုလုပ်သွားရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

အစည်းအဝေးပွဲကြီးမတိုင်မီ ရွေးကောက်ပွဲဆို်င်ရာ ဥပဒေ ပေါ်ထွက်လာဖွယ်ရှိနေပြီး အစည်းအဝေးက တခဲနက်အတည်ပြုရမည်ဟု အသင်းကြီး၏ ထိပ်တန်းသတင်းရပ်ကွက်များက ပြောသည်။

နေပြည်တော်၏ ဆင်ခြေဖုံး ရန်ကုန်ဘက်သို့လာသည့် အဝေးပြေးလမ်းမဘေးတွင် ကြံ့ဖွံ့ရုံုးသစ်ကြီးကို အပြီးသတ်လျှက်ရှိသည်။

Most read this week