ချင်းမိုင် (မဇ္ဈိမ)။ ။ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်သည့် ရန်ကုန် ယူနိုက်တက် F.C ဘောလုံး အသင်းနှင့် ထိုင်းဘောလုံးကလပ် အသင်းများအကြား ယခုလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် အသင်း လက်ရွေးစင်များ ပြန်ရွေးချယ်နိုင်ရန် ခြေစမ်းသည့်အနေဖြင့် သွားရောက် ကစားခြင်း ဖြစ်သည်။
“ကစားသမားတွေကို ခြေစမ်းတာပေါ့။ ပြည်တွင်းမှာ မဟုတ်ဘဲ ပြည်ပကစားသမားတွေနဲ့ ခြေစမ်းမယ်ပေါ့ဗျာ။ သူတို့ အရည်အသွေးကို ကြည့်ပြီး ရန်ကုန်ယူနိုက်တက် F.C အသင်းလက်ရွေးစင် အတွက် ပြန်ရွေးချယ်မယ်လေ” ဟု အသင်းမန်နေဂျာ ဦးအောင်ကျော်လွင်က မဇ္ဈိမသို့ ပြောသည်။
ရန်ကုန်ယူနိုက်တက် F.C ဘောလုံး အသင်းသည် ယခုလ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် ထိုင်းဆိပ်ကမ်းအသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
ထို့နောက် ၂၄ ရက်နေ့တွင် ပတ္တရားအသင်း၊ ၂၆ ရက်နေ့တွင် တယ်ရိုဆက်စနာ F.C အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
မြန်မာပြည်တွင်းမှ အလားအလာရှိသော ကစားသမားများကို နိုင်ငံတကာ အတွေ့အကြုံ ရရှိစေရန် နိုင်ငံခြား ကလပ်များသို့ အငှားစေလွတ်မှုများ ပြုလုပ်ရာတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန် ယူနိုက်တက် F.C နှင့် ထိုင်းပရီမီးယာလိဂ်ကလပ် တယ်ရိုဆက်စနာ F.C အသင်းတို့အကြား ယခုလ ၁၆ ရက်နေ့တွင် လှည်းတန်းရှိ Espace Avenir ၌ လက်မှတ်ရေးထိုးပွဲ တခု ကျင်းပခဲ့သည်။
ရန်ကုန်ယူနိုက်တက် F.C အသင်းပိုင်ရှင် ဦးတေဇနှင့် တယ်ရိုဆက်စနာ F.C ပိုင်ရှင် Mr. Brian Marcar တို့ တက်ရောက်ကြသော ယင်းပွဲတွင် ရန်ကုန်ယူနိုက်တက် F.C အသင်းဥက္ကဌ ပြည့်ဖြိုးတေဇနှင့် တယ်ရိုဆက်စနာ F.C အသင်း အထွေထွေမန်နေဂျာ Anan Anpruang တို့က “Strategic Alliance Signing” စာချုပ် လက်မှတ်ရေးထိုးကြသည်။
ရန်ကုန်ယူနိုက်တက် F.C အသင်းသည် တယ်ရိုဆက်စနာ အသင်း၏ အကူအညီဖြင့် လူငယ်ဘောလုံး သင်တန်းကျောင်း တစ်ကျောင်းကိုလည်း လူငယ် ဘောလုံးဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ရန်ကုန်မြို့တွင် ဖွင့်လှစ် နိုင်ရန် စီစဉ်နေပြီ ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ရန်ကုန်နှင့်မန္တလေးမြို့များတွင် ယှဉ်ပြိုင်ခဲ့ကြသော မြန်မာပရိုလိဂ် (MNL CUP) ပြိုင်ပွဲတွင် ရတနာပုံ F.C ယူနိုက်တက် အသင်းက ရှုံးပွဲမရှိဖြင့် ပထမဆုံး မြန်မာပရိုလိဂ် ဖလားကို ရယူနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက် F.C အသင်းက ဒုတိယသာ ရရှိခဲ့သည်။
ဒုတိယအကြိမ် မြန်မာပရိုလိဂ် ဖလားအတွက် ရန်ကုန်ရှိ သုဝဏကွင်း၌ ယခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်သည်။
ယင်းနေ့တွင် ကွင်းဖွင့်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက် F.C အသင်းနှင့် Delta United အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
ရန်ကုန်ယူနိုက်တက် F.C ဘောလုံးအသင်းတွင် နိုင်ငံခြား ကစားသမားအဖြစ် အိုင်ဗရီကိုစ်နိုင်ငံမှ ၆ ဦး၊ ကင်မရွန်းနိုင်ငံမှ ၂ ဦး ငှားရမ်းထားကြောင်း အသင်းမန်နေဂျာ ဦးအောင်ကျော်လွင်က ပြောသည်။
နိုင်ငံခြားသားများ၏ လစာကိစ္စနှင့် ပတ်သတ်၍ လျှို့ဝှက်ထားသော်လည်း မြန်မာ ဘောလုံးသမားများထဲတွင် မျိုးမြင့်ထွန်း က အမြင့်ဆုံးလစာ ရရှိပြီး ၁၀ သိန်းဖြစ်သည်။ အနိမ့်ဆုံးလစာမှာ ၃ သိန်းဖြစ်သည်။
ယခုအခုချိန်ထိ ရန်ကုန်ယူနိုက်တက် F.C သည် အသင်းရန်ပုံငွေအတွက် ကျပ်သန်း ၅၀၀ ကျော် အကုန်အကျခံ သုံးစွဲထားသည်ဟု သိရသည်။