ကွာလာလမ်ပူ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ စီပန်းရှိ ကေအယ်အိုင်အေ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာအကျဉ်းသား ဦးရေ ရ၀၀ အနက် ၃၀ နီးပါးသည် ထိုစခန်းမှ ယမန်နေ့ ညနေပိုင်းက ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
“ညနေ ၆ နာရီလောက် ထမင်းကျွေးတဲ့အချိန်မှာ တံခါးဖွင့်တော့ ထွက်ပြေးကြတာ။ ထွက်ပြေးတာ ၂၈ ယောက် ထွက်ပြေးသွားတာ ၆ ယောက် ပြန်မိတယ်။ ပြေးသွာတာက အဆောင် B-3 ကနေ ပြေးသွားတာ” ဟု ကေအယ်အိုင်အေ စခန်း၌ ထိန်းသိမ်းခံနေရသည့် ၄၁ နှစ်အရွယ် ကိုဇော်စိုးက မဇ္စျိမကို ပြောသည်။
ပြီးခဲ့တဲ့လက စမုံညင်း အကျဉ်းစခန််းတွင် ဆူပူမှုဖြစ်ပွားရာ၌ ပါဝင်ခဲ့သော မြန်မာအကျဉ်းသား ရ၀၀ အား ဇူလိုင်လ ၂၄ ရက်နေ့တွင် စမုံညင်းစခန်းမှ စီပန်းရှိ ကေအယ်အိုင်အေ စခန်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးက၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးနှင့် ပူးပေါင်းကာ အကျဉ်းသား ရ၀၀ ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေစဉ် ယခုလို ထောင်ဖောက် ထွက်ပြေးသည့် အမှု ဖြစ်ပွားခြင်း ဖြစ်သည်။
အန်အယ်ဒီ - လွတ်မြောက်နယ်မြေ (မလေးရှား) မှ နိုင်ငံခြားရေးရာ တာဝန်ခံ ကိုကျော်ကျော်မိုးက “မြန်မာပြည်ပြန်ရရင် သူတို့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို တွေးပြီးတော့ အခုလို ဖြစ်သွားတယ်လို့ပဲ ကျနော် ယူဆတယ်။ ဒီနိုင်ငံထဲမှာ သူတို့ အခုလို ထွက်ပြေးတယ် ဆိုတာကလည်း အခက်အခဲတွေ အများကြီး ကြံုရနိုင်တယ်။ ပြေးတယ် ဆိုတာကလည်း သူတို့ အတော်လေးကို အရဲစွန့်ပြီး ပြေးကြရတာလေ။ ဘာပဲဖြစ်ဖြစ်တော့ အခုလို ဖြစ်သွားတယ်ဆိုတော့ အကျဉ်းစခန်းထဲမှာ ကျန်ရှိနေတဲ့ သူတွေအတွက် အခက်အခဲ တော်တော်ကို ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
စခန်းထဲရှိ မြန်မာအကျဉ်းသား ရ၀၀ သည် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုများ မရသည့်အပြင်၊ ပုံမှန် စားသောက်ရေးအတွက်ပါ ခက်ခဲနေကြသည်။
ထိုအကျဉ်းစခန်းတွင် ထိန်းသိမ်းခံရသူများအနက် ၉ ဦးသည့် A (H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက်ခံနေရပြီး၊ ၄ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း အကျဉ်းစခန်းထဲတွင် ထိန်းသိမ်းခံနေရသူ အမည်မဖော်လိုသူ မြန်မာအကျဉ်းသား တဦးက ပြောသည်။
ယခုလ ၄ ရက်နေ့ကလည်း အဆိုပါအကျဉ်းစခန်းမှ ၃၅ နှစ်အရွယ် တိုဂိုနိုင်ငံသား Malou-Ouro Dramane ဆိုသူသည် A (H1N1) ရောဂါနှင့် သေဆုံးခဲ့ကြောင်း မလေး လူဝင်မှုကြီးကြပ်ရေး အရာရှိများက သြဂုတ်လ ၆ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။